ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းများအား စစ်ကောင်စီမှ အတင်းအကြပ် နေရပ်ပြန်ခိုင်းနေ

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းများအား စစ်ကောင်စီမှ အတင်းအကြပ် နေရပ်ပြန်ခိုင်းနေ
ဇွန် 23, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေသူများအား အာဏာသိမ်း စစ်ကောင်စီတပ်များက အတင်းအကြပ် နေရပ်ပြန်ခိုင်းနေသောကြောင့် ကျေးရွာသို့ မပြန်ရဲသည့် ဒေသခံများမှာ အခြားနေရာများသို့ ထပ်မံတိမ်းရှောင်နေရကြောင်း ၂၀၂၁ ခုနှစ် ဇွန်လ (၂၃)ရက်နေ့တွင် သတင်းရရှိသည်။

စစ်တပ်အင်အား (၁၀၀)ကျော်လောက်က တောထဲမှာ လှည့်ပတ်သွားပြီးတော့မှ တောထဲမှာရှိနေတဲ့ စစ်ရှောင်တွေကို ရွာမှာ ပြန်နေကြဖို့ အတင်းမောင်းပြန်တယ်။ တစ်ချို့ရွာသားတွေက ကြောက်ရွံ့ပြီးတော့ မဖြစ်မနေ ပြန်လာရတဲ့သူတွေရှိတယ်။ တစ်ခြားနေရာရွေ့ဖို့ဆိုလည်း ထပ်ရွေ့ဖို့နေရာမရှိတော့ဘူး တောထဲမှာ။ အဲဒီတော့ တခြားဝေးရာကို ထပ်ရွှေ့ကြရတယ်။ ရွာသားတွေက ရွာမှာ လုံးဝ မနေရဲဘူး ။

ဟု စစ်ရှောင်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

ဇွန်လ ၂၁ ရက်နေ့မှစ၍ အာဏာသိမ်း စစ်ကောင်စီတပ် အင်းအား (၁၀၀)ခန့်က ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ ၊ ထီးဖိုးကလိုးကျေးရွာ၊ ဒေါလျားခူကျေးရွာ ၊ ထီးသဲကလိုး ကျေးရွာ စသည့် ကျေးရွာများအနီးရှိ တောထဲတွင် လှည့်ပတ်သွားလာခဲ့ပြီး စစ်ရှောင်စခန်းများထိ ရောက်လာကာ စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း သိရသည်။ 

တောထဲ စစ်ရှောင်စခန်းတွေဆီ ရောက်လာပြီး သူတို့မောင်းပြန်တာက ရိုးရိုးပြန်ခိုင်းတာမဟုတ်ဘဲ စစ်ရှောင်တွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပေါ့။ ဆိုလာပြားတို့ ချက်ပြီးသား ထမင်းအိုးတွေ ရေနွေးအိုးတွေ စားစရာပစ္စည်းတွေကို စစ်တပ်က လုယူသွားတာမျိုးတွေရှိတယ်။ ကျွန်တော်တို့ အခုကြုံနေရတာ ပေါ့။ ရွာထဲမှာတော့ ဘယ်သူမှ မနေရဲဘူး။

ဟု အဆိုပါ စစ်ရှောင်ဒေသခံ ကပြောသည်။ 

ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်များ တပ်စွဲထားသောကြောင့် စစ်ရှောင်များမှာ ကျေးရွာများအတွင်း မနေထိုင်ရဲဘဲ အခြားဒေသများသို့ ထပ်မံတိမ်းရှောင်နေရသည်ဟု သိရသည်။

ကလေးတွေ အသက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေ မီးဖွားထားသူတွေကို ရွေ့ပြောင်းဖို့က အရမ်းအခက်ခဲ ဖြစ်တယ်။ သက်ကြီးရွယ်အို ထဲမှာ လေ​ဖြတ်ထားတဲ့ သူတွေလည်းပါတယ်။ သူတို့ကို ရွေ့ပြောင်းဖို့က ကားဆိုလည်း မလုံလောက်ဘူးပေါ့ ။ အရမ်းအခက်အခဲ ဖြစ်နေတယ် ။

ဟု စစ်ရှောင်ဒေသခံက ပြောသည်။ 

လက်ရှိဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ရှောင်များစွာလည်း ရှိနေပြီး စားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကာ ဆေးကုသရေးအတွက် စစ်ရှောင်စခန်း တွင် အထိုင်ချကာ ကုသမှုများ ပေးနိုင်မည့် ကျန်းမာရေး ဝန်ထမ်းလိုအပ်နေကြောင်းသိရသည်။

KNDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဇွန်လ ၁၅ ရက်နေ့တွင် ယာယီအပစ်ရပ်ခဲ့ပြီး  ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း  ထီးဖိုးကလိုး ကျေးရွာအုပ်စု ထဲသို့ ဇွန်လ ၁၇ ရက်နေ့ ညပိုင်းမှစ၍  အကြမ်းဖက် စစ်ကောင်စီ တပ်များမှာ ကျေးရွာတွင်း တပ်စွဲခဲ့ခြင်းကြောင့် ဒီးမော့ဆို အရှေ့ဖက်ခြမ်းတစ်လျှောက် ကျေးရွာသားများ ဒုတိယအကြိမ် စစ်ရှောင်စခန်းများဆီ ပြန်လည် ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်။ 

ဇွန်လ ၁၉ ရက်နေ့ကလည်း ထီးဖိုးကလိုး ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကကျေးရွာအတွင်း နေအိမ်များအား မွှေနှောက်ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာအနီး စစ်ရှောင်စခန်းအထိ ရောက်လာကာ စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အထိုင်ဆေးခန်းကို ဝင်ရောက်တပ်စွဲခြင်း၊ စစ်ရှောင်များအား ရေခပ်ခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်းများပြုလုပ်ခိုင်းခဲ့ကြောင်း သိရသည်။