ရှမ်း - ကယားနယ်စပ်ဒေသအတွင်း စစ်ဘေးရှောင်နေရာများတွင် Non CDM ဝန်ထမ်းများကို လက်မခံ၊ ရောက်ရှိလာပါက ပစ်ခတ် ဖမ်းဆီးမည်ဟု ဖယ်ခုံ PDF က ပြတ်သားစွာ အမိန့်ထုတ်ထား

ရှမ်း - ကယားနယ်စပ်ဒေသအတွင်း စစ်ဘေးရှောင်နေရာများတွင် Non CDM ဝန်ထမ်းများကို လက်မခံ၊ ရောက်ရှိလာပါက ပစ်ခတ် ဖမ်းဆီးမည်ဟု ဖယ်ခုံ PDF က ပြတ်သားစွာ အမိန့်ထုတ်ထား
အောက်တိုဘာ 29, 2021 | ကယား

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကျေးရွာများအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေ၍ ဒေသခံများအား ဖယ်ခုံ PDF ၏ စိုးမိုးနယ်မြေများတွင် စစ်ရှောင်လက်ခံ ကူညီပေးနေသော်လည်း CDM မဟုတ်သည့် Non CDM ဝန်ထမ်းများကို လက်ခံမည်ဟုတ်ကြောင်း ဖယ်ခုံ PDF က အောက်တိုဘာလ(၂၈)ရက်နေ့က  အသိပေးထားရှိသည်။

အာဏာသိမ်းစစ်တပ်က ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာများအပြင် မြို့ပေါ်ရပ်ကွက်အထိပါ အကြမ်းဖက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများမှ နေအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရခြင်း ဖြစ်ရာ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေအတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ဖယ်ခုံ PDF က ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဘက်ရပ်တည်ခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်၏ ယန္တရားလည်ပတ်ရန် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများအနေဖြင့် စစ်ဘေးရှောင်ရန်အတွက် ဖယ်ခုံ PDF ၏ စိုးမိုးနယ်မြေများအတွင်း ဖြတ်သန်းသွားလာခြင်း ရောက်ရှိနေထိုင်ခြင်းများရှိပါက ပစ်ခတ်ဖမ်းဆီးရန်  ပစ်မိန့်ပါ ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း ဖယ်ခုံ PDF က ပြတ်သားသည့် အမိန့်ထုတ်ထားသည်။ 

စစ်ဘေးရှောင်စခန်းများသို့ ဒေသခံ ပြည်သူများအပြင် CDM ဝန်ထမ်းများပါ ရောက်ရှိနေရာတွင် လုံခြုံရေးအတွက် မစိုးရိမ်ရသော်လည်း ပြည်သူ့ဘက်က မရပ်တည်သည့် Non CDM များသည် စစ်ဘေးရှောင်စခန်းများသို့ လိုက်ပါ တိမ်းရှောင်ပြီး စစ်ဘေးရှောင်စခန်း၏ တည်နေရာ နှင့် အခြေအနေများကို ပုံရိုက်ပြီး မှတ်တမ်းယူသည့်  ဖြစ်စဉ်များ ယခင်ကရှိခဲ့သည်ဟု သိရသည်။

 

 

ပြီးခဲ့သည့် ရက်ကလည်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် ရွာစောင့်အဖြစ် ကျန်ခဲ့သည့် ဒေသခံများကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက  မျက်လုံးများတွင် အဝတ်များစည်းပြီး ဖမ်းဆီးခေါင်ဆောင်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သလို  ကျေးရွာအတွင်းမှ ပြည်သူပိုင် ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခြင်း၊ ခိုးဝှက်ယူဆောင်ခြင်းများလုပ်ဆောင်သလို ကားများကိုလည်း မောင်းယူခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကယားပြည်နယ်တွင်း အပါအဝင် ရှမ်း-ကယားနယ်စပ်တို့တွင် အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ပြုလုပ်နေပြီး အင်အားများဖြင့် ထိုးစစ်ဆင်နေလျက်ရှိသည့်အတွက် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။