ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များမှ ဖမ်းဆီးသွားသည့် စစ်ရှောင်လူငယ် (၃)ဦးအား သေဆုံးလျှက်ဖြင့် ပြန်တွေ့

ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များမှ ဖမ်းဆီးသွားသည့် စစ်ရှောင်လူငယ် (၃)ဦးအား သေဆုံးလျှက်ဖြင့် ပြန်တွေ့
ဇွန် 17, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားသော လူငယ် (၃)ဦးတို့အား သေဆုံးလျှက်ဖြင့် ဇွန်လ (၁၆)ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့က စစ်ဘေးရှောင်ရန် သွားလာနေသော အဆိုပါ ဒေသခံ လူငယ် (၃) ဦးအား အကြမ်းဖက်စစ်ကောင်စီများမှ ဖမ်းဆီးသွားခဲ့ပြီး မိသားစုများမှ ရက်အတော်ကြာ အဆက်သွယ် မရသောကြောင့် ဖမ်းဆီးခံရသော နေရာအနီး သွားရောက်ရှာဖွေရာတွင်  ဖမ်းဆီးခံရသော စစ်ရှောင်လူငယ် (၃)ဦးအား သေဆုံနေပြီး ပုပ်ပွလျှက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

သူတို့က လက်နက်ကိုင်တဲ့ လူငယ်တွေ မဟုတ်ဘူး။ စစ်ရှောင်လူငယ်တွေ လမ်းသွားရင်း စနေနေ့က ဖမ်းခံလိုက်ရတာ။ အဲ့နေ့ကတည်းက သတ်လိုက်တာ ဖြစ်မယ်။ စစ်တပ်တွေက တပ်မဆုပ်သေးတော့ သွားမရှာရဲဘူးသေလား ရှင်သလား မသိရဘူးပေါ့ ။ အခုတောင် ဖမ်းသွားတဲ့နေရာ နားကို မိဘတွေက အရဲစွန့်ပြီး လိုက်ရှာတာ အဲ့နားမှာပဲ သုံးယောက်လုံးရဲ့ အလောင်းတွေတွေ့တယ်။ အလောင်းက ပျက်ဆီးနေပြီ။ ဒီည တွင်းချင်းပဲ မြေမြုပ်လိုက်ရတယ်။

ဟု ဒေသခံတစ်ဦးက​ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ (၁၂)ရက်နေ့က စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ပစ်သတ်လိုက်သော စစ်ရှောင်လူငယ်များမှာ စည်လင်းကျေးရွာ မှ အသက် (၂၇) နှစ်၊ (၂၀)နှစ်အရွယ် နှင့် ဒေါဘူးခို ကျေးရွာမှ လူငယ်(၁)ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ စစ်ကောင်စီတပ်များမှ ကျေးရွာများ အနီး တပ်လာစွဲသောကြောင့် စစ်ဘေးရှောင်ရန် သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။