ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု တရားမျှတမှုရရေးလုပ်ဆောင်နေ

ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု တရားမျှတမှုရရေးလုပ်ဆောင်နေ
ဒီဇင်ဘာ 24, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှ စစ်ကောင်စီတပ်သား တရားခံများ ပြစ်ဒဏ်ကင်းလွတ်နေဆဲဖြစ်ပြီး တရားမျှတမှုရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ အရပ်သားပြည်သူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုမှာ ယနေ့တွင် (၂)နှစ်ပြည့်ပြီဖြစ်သည်။ 

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ မိုဆိုကျေးရွာအနီး၌ ပြည်သူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနှင့်အတူ ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်သော အခြားစစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် အပြစ်ဒဏ်ပေးနိုင်ရေးအပြင် နစ်နာသူများမှ တရားမျှတမှုရရှိရန်အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ကရင်နီပြည်သူလူထုတရပ်လုံးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သည်အထိ ရပ်တည်တော်လှန်တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုသည်။  

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသားဆန့်ကျင်ရန်နှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများအတွက်လည်း ကရင်နီပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ ခရစ္စမတ်အကြိုနေ့၌ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် တပ်မ (၆၆)၏ လက်အောက်ခံ ခမရ (၁၀၈)တပ်ရင်းမှ အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူများ (၄၀)ကျော်၊ နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦး၊ Save The Cheildren ဝန်းထမ်း (၂)ဦးနှင့် ၎င်းတို့၏ ဒန်ပါကား (၃)စီး၊ ကားငယ် (၃)စီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် (၅)စီးတို့အား မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency