မိုးကုတ်မြို့တွင် COVID 19 အတည်ပြုလူနာ (၃၃)ဦး တိုးလာသဖြင့် ရပ်ကွက်တစ်ခုကို Semi-Lockdown ချထား

မိုးကုတ်မြို့တွင် COVID 19 အတည်ပြုလူနာ (၃၃)ဦး တိုးလာသဖြင့် ရပ်ကွက်တစ်ခုကို Semi-Lockdown ချထား
ဇွန် 21, 2021 | Covid-19

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၁) ရက်နေ့၌ Quarantine ထားသူ (၂၃) ဦး အပါအဝင် (၃၃) ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် အတည်ပြုလူနာအများဆုံးတွေ့ရသည့် လူနေရပ်ကွက်တစ်ခုကို Semi-Lockdown သတ်မှတ်လိုက်ကြောင်း သိရသည်။

ဒီနေ့တစ်ရက်တည်း ပိုးတွေ့သူက (၃၃) ဦးရှိသွားတယ်။ အဲဒီထဲက ရပ်ကွက်တစ်ခုတည်းနေတဲ့သူတွေ အများဆုံး ဖြစ်နေတဲ့အတွက် အဲဒီရပ်ကွက်ကို ယာယီအဝင်အထွက် ပိတ်ထားပါတယ်။ ဒီနေ့ပိုးတွေ့သူအားလုံးက မိုးကုတ် ဒေသခံတွေပဲ ဖြစ်ပါတယ်။ ဇွန်လ (၉) ရက်ကနေ ဒီနေ့အထိ မိုးကုတ်မှာ ပိုးတွေ့သူ စုစုပေါင်း (၅၄) ဦးရှိပါပြီ

ဟု မိုးကုတ်မြို့ရှိ ကိုဗစ် - ၁၉ ကာကွယ်ရေး အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးကုတ်မြို့တွင် ဇွန်လ (၉) ရက်နေ့ကစတင်၍ COVID 19 Quarantine Center ကို စံတော်ဝင်တွင် ဖွင့်လှစ်ထားပြီး သံသယရှိသူများနှင့် အခြားဒေသမှ လာသူများကို အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

ယနေ့တွင် အသွားအလာကန့်သတ်ထားသူ (၂၃) ဦးနှင့် အတည်ပြုလူနာဖြင့်ထိတွေ့သူ (၅၂)ဦး စုစုပေါင်း (၇၅) ဦးကို စစ်ဆေးသည့်ရလဒ်အရ အတည်ပြုလူနာ (၃၃) ဦးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

မိုးကုတ်မြို့တွင် ဇွန်လ (၉) ရက်နေ့မှစ၍ လားရှိုး၊ ကလေး၊ တမူး၊ သုံးဆယ် စသည့်မြို့များမှ ပြန်ရောက်လာသူများမှ အနံ့ပျောက်၊ ခေါင်းကိုက်သဖြင့် COVID 19 အစစ်ဆေးခံရာမှ အတည်ပြုလူနာများ စတင်တွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့တွင် နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ ပရဟိတလူမှုကူညီရေးအသင်းများ စုပေါင်း၍ ကိုဗစ်-Q၁၉ ကာကွယ်ရေး အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် Quarantine Center တစ်ခု ဖွင့်လှစ်၍ ဆောင်ရွက်နေသည်ဟု သိရသည်။



နိုင်ငံတွင် COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရဆဲကာလ ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က နိုင်ငံ့အာဏာ ဝင်သိမ်းလိုက်ပြီးနောက် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲဖြစ်နေခြင်းဖြစ်သည်။