တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၂)နာရီခွဲအထိ Covid-19 ကူးစက်ခံထားရသူ (၂)ဦးထပ်တိုး၍ တစ်နေ့တည်းတွင် စုစုပေါင်း (၁၇)ဦး အထိ တွေ့ရှိထား

တာချီလိတ်မြို့တွင် ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၂)နာရီခွဲအထိ Covid-19 ကူးစက်ခံထားရသူ (၂)ဦးထပ်တိုး၍ တစ်နေ့တည်းတွင် စုစုပေါင်း (၁၇)ဦး အထိ တွေ့ရှိထား
ဇူလိုင် 4, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၂)နာရီခွဲအချိန်အထိ Covid-19 ပိုးကူးစက်ခံထားရသူ နောက်ထပ် (၂)ဦး ထပ်တိုးလာသည့်အတွက် ယနေ့ တစ်နေ့တည်း စုစုပေါင်း (၁၇)ဦး အထိ ရှိနေကြောင်း သိရသည်။

"နေ့လည်ပိုင်း ထပ်တွေ့တဲ့ (၂)ဦးထဲမှာ တစ်ဦးကတော့ DAT KTV & Club က အတည်ပြုလူနာနဲ့ ထိတွေ့သူပါ။ နောက်တစ်ဦးဖြစ်တဲ့ ကောင်မလေးကတော့ ခုထိ အမှန်တိုင်း မပြောသေးဘူး။ မေးနေတုန်းပဲ"ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ယနေ့ ပိုးတွေ့ရှိသူများတွင် ရွှေရည်မြင့်မိုရ် မိုတယ် နှင့် လိုမာ ဟိုတယ်တို့မှ အသွားအလာကန့်သတ်ထားပြီး ဒုတိယအကြိမ်ပြန်လည် စစ်ဆေးရာမှ ပိုးတွေ့သည့် (၈)ဦး အပါအဝင် ဆေးရုံဟောင်းအတွင်းသို့ မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးမှုခံရသူများထဲက (၇)ဦး စုစုပေါင်း (၁၅)ဦး ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရွှေရည်မြင့်မိုရ် မိုတယ်၊ လိုမာ ဟိုတယ်၊  DAT KTV & Club  နှင့် ဆေးရုံဟောင်းအတွင်း စစ်ဆေး၍ Covid-19 ပိုးတွေ့ရသူ စုစုပေါင်း (၁၇)ဦး ရှိသည်။ 

ဟိုတယ်၊ မိုတယ် နှင့် KTV & Club တို့မှ ထပ်တိုးတွေ့ရသူများမှာ  ဇွန်လ(၂၈)ရက်နေ့က ပိုးတွေ့သူနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်သလို ဇူလိုင်လ(၁)ရက်နေ့က အတည်ပြုလူနာနှင့် ထိတွေ့သူလည်း ပါဝင်ကြောင်း သိရသည်။ 

 

လတ်တလောတွင် အသစ်ထပ်တိုးတွေ့ရှိထားသည့် အတည်ပြုလူနာများနှင့် ပတ်သက်၍ ထိတွေ့မှုများကို ဆက်လက်စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နေ့လည်(၂)နာရီခွဲအချိန်အထိ  နေရာပေါင်း (၄)နေရာ၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၇)ဦး တွေ့ရှိထားသည့်အတွက် စုစုပေါင်း (၆၂)ဦးအထိ ရှိနေသည်။