နောင်ချိုမြို့နယ်အတွင်းရှိ စာသင်ကျောင်း(၂)ကျောင်းမှ ကျောင်းသား(၂)ဦးတွင် Covid-19 ပိုးတွေ့

နောင်ချိုမြို့နယ်အတွင်းရှိ စာသင်ကျောင်း(၂)ကျောင်းမှ ကျောင်းသား(၂)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ကျောင်းတက်နေသည့် ကျောင်းသား(၂)ဦးတွင် ဇွန်လ(၂၆)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ ကျောင်းသား(၂)ဦးမှာ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဇာလီရွာရှိ အခြေခံပညာမူလတန်းကျောင်း မှ အသက်(၇)နှစ်အရွယ် ကျောင်းသားတစ်ဦး နှင့်   အထကခွဲ(သရက်ကုန်း)မှ အသက်(၁၄)နှစ်အရွယ် ကျောင်းသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုများဖြစ်ကြပြီး ယနေ့ ထွက်ပေါ်သည့်အဖြေအရ ၎င်းတို့၏ အသက်(၄၁)နှစ်ရှိ ဖခင်ဖြစ်သူ နှင့် အသက်(၄၁)နှစ်ရှိ မိခင်သူ မှာလည်း Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၌  (၇၀)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၁၅)ဦး  Covid-19 ပိုးတွေ့ရှိ ခြင်းဖြစ်သည်။

နောက်ချိုမြို့တွင် ယနေ့ ပိုးတွေ့ရသည့် (၁၅)ဦးတွင် ဇာလီကျေးရွာမှ မိသားစု(၄)ဦး အပါအဝင် တောင်ရပ်ကွက်မှ (၃)ဦး၊ ဘူတာရပ်ကွက်မှ (၄)ဦး၊ လုံစံရွာမှ (၂)ဦး၊ ကဲကြီးရွာမှ (၁)ဦး နှင့်  စရဖဟု လူသိများသည့် စစ်ဘက်ရေးရာလုံခြုံ​ရေးတပ်(စရတ)မှ တပ်ဖွဲ့ဝင် (၁)ဦးတို့ ပါဝင်သည်။

နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၌ အသစ်ထပ်တိုးသည့် (၁၅)ဦး အပါအဝင် စုစုပေါင်း Covid-19 အတည်ပြုလူနာ(၁၄၉)ဦးအထိ ရှိနေပြီး အားလုံးမှာ ကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က အခြေခံပညာကျောင်းများအား ဖွင့်လှစ်ရန်ကြိုးစားနေသည့်ကာလအတွင်း COVID 19 ဖြစ်ပွားနေသော်လည်း ကျောင်းများမပိတ်သေးဘဲ ဆက်လက်ဖွင့်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။