ကျောက်မဲသို့ ပင်လုံလမ်းမကြီးမှအဝင်တွင် COVID 19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်

ကျောက်မဲသို့ ပင်လုံလမ်းမကြီးမှအဝင်တွင် COVID 19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြုတ်သိမ်းထားသည့် မြို့အဝင် COVID 19 စစ်ဆေးရေးဂိတ်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှစ၍ အာဏာသိမ်းအဖွဲ့က ပြန်ဖွင့်နေပြီဟု သိရသည်။

ယခင်က COVID 19 ထိန်းချုပ်ရေးအတွက် မြို့အဝင်ဂိတ်အားလုံး၌ ဌာနပေါင်းစုံပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အခြားမြို့များမှ ကျောက်မဲမြို့သို့ ဝင်ရောက်နိုင်သည့် ပင်မဝင်ပေါက်လမ်းအများအပြားရှိသည့်အနက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲမြို့အတွင်း ဝင်ရောက်သည့် ပင်လုံလမ်းမကြီးတစ်ခုတည်း၌သာ ကိုဗစ်စစ်ဆေးရေးဂိတ်ပြန်ထားရှိလိုက်ခြင်းဖြစ်သည်။

စစ်ဆေးရေးဂိတ်ပြန်လည်ထားရှိလိုက်သော်လည်း ယခင်ကိုဗစ်ကာလများကဲ့သို့ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ပရဟိတအဖွဲ့ စသည့်အဖွဲ့စုံပါဝင်ခြင်းမရှိဘဲ ကျန်းမာရေးဌာနနှင့် ယာဉ်ထိန်းအချို့သာ ဂိတ်တွင်စောင့်ကြပ်စစ်ဆေးနေခြင်းဖြစ်သည်။

ပြည်သူ့အစိုးရလက်ထက်က ကိုဗစ်ထိန်းချုပ်ရေးလုပ်ဆောင်ရာတွင် ကျောက်မဲမြို့သို့ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီး အချို့သာဖွင့်ထားပေးပြီး မန္တလေး -လားရှိုး ပြည်ထောင်စုလမ်းမကြီးတွင် ကုန်တင်ယာဉ်မောင်းများအား ကိုဗစ်နှင့်ပတ်သက်၍ စစ်ဆေးမှု ဂိတ်အမှတ်(၂)၊ ကျောက်မဲမြို့ထဲဝင်သည့်ပင်လုံလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်များအား ကိုဗစ်စစ်ဆေးရေး ဂိတ်၊ လားရှိုးဘက်မှ ကျောက်မဲဘက်သို့ဝင်သည့် နမ့်ဟူးတောင်း လမ်းဆုံတွင် ခရီးသည်များအား ကိုဗစ်စစ်ဆေးရေးဂိတ် ( ခိုးဝင်မှုမရှိစေရေး) စသည်တို့ကိုထားရှိပြီး အခြားလမ်းများကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။