တာချီလိတ်မြို့၏ ဇူလိုင်လ(၂၄)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၄၁)ဦး နှင့် သေဆုံးသူ (၂)ဦး ထပ်တိုး

တာချီလိတ်မြို့၏ ဇူလိုင်လ(၂၄)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၄၁)ဦး နှင့် သေဆုံးသူ (၂)ဦး ထပ်တိုး
ဇူလိုင် 24, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ်  ဇူလိုင်လ(၂၄)ရက်နေ့ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၄၁)ဦး ထပ်တိုးပြီး သေဆုံးသူမှာလည်း တစ်နေ့တည်း (၂)ဦး တိုးကြောင်း သိရသည်။

 နံနက်ပိုင်းက စ၍ ညပိုင်းအထိ စစ်ဆေးမှုများအတွင်း ပိုးတွေ့ရသည့် (၄၁)ဦးတွင် အမျိုးသား (၁၆)ဦး နှင့် အမျိုးသမီး (၂၅)ဦးတို့ ပါဝင်ကြသည်။

ပိုးတွေ့ (၄၁)ဦးအနက် နောက်ဆုံးတစ်ဦးမှာ ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းတွင် ပျံလွန်တော်မူပြီးမှ စစ်ဆေးရာက Covid-19 ပိုးတွေ့ရသူ တာချီလိတ်မြို ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာရှိ ဝမ်မိုင်ဘုန်းကြီးကျောင်းမှ သက်တော် (၇၀)နှစ် ဝန်းကျင်၊ ဝါတော်(၉)ဝါရှိ ဆရာတော် ဦးသုမန(ခ)ရွှေနားလေးဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းကလည်း မကာဟိုခမ်းရပ်ကွက်အတွင်း ကိုးမြို့ရှင်နတ်နန်းအနီးရှိ ရှမ်းရွာအတွင်းမှ အသက် (၇၁)နှစ်အရွယ် ရောဂါအခံရှိသူ ပိုးတွေ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။ 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၂၄)ရက်နေ့အထိ ရက်ပေါင်း (၂၇)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၉၂၀)ဝန်းကျင်အထိရှိနေပြီး စောင့်ကြည့်ကုသဆောင်များမှတဆင့် နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာ (၄၀၀)နီးပါးရှိနေကာ သေဆုံးသူမှာလည်း (၄)ဦးအထိ ရှိနေပြီဖြစ်သည်။