ကျောက်မဲတွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် အရေးယူခံရမည့်အရေး ရင်ဆိုင်နေရသူ (၃)ဦးမှာ ဆန္ဒထုတ်ဖေါ်ရာ၌ ပါဝင်မှုမရှိ

ကျောက်မဲတွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် အရေးယူခံရမည့်အရေး ရင်ဆိုင်နေရသူ (၃)ဦးမှာ ဆန္ဒထုတ်ဖေါ်ရာ၌ ပါဝင်မှုမရှိ
ဇူလိုင် 14, 2020
By Tachileik News Agency
ကျောက်မဲတွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် အရေးယူခံရမည့် (၃)ဦးမှာ ဆန္ဒထုတ်ဖေါ်ရာတွင် မပါဝင် 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုကြောင့် တပ်မတော်ကို ဆန္ဒထုတ်ဖေါ်ခြင်းအား ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ခဲ့၍ တရားစွဲခံရသူ (၃)ဦးမှာ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆန္ဒပြဖို့အတွက် အဲဒီ (၃) ယောက်က ဦးဆောင်ပြီး စာတင်တာမှန်ပေမဲ့ တကယ်ဆန္ဒပြတဲ့နေ့မှာ သူတို့က မရောက်လာဘူး။ ပြတဲ့ထဲလည်း မပါဘူး

ဟု ကျောက်မဲမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနှင့် ပန်ကျန်ကျေးရွာအနီး၌ ဇွန်လ (၂၈) ရက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်က အနီးကပ်ပစ်ခတ်မှုကြောင့် ဒေသခံ ရှမ်းတိုင်းသား အမျိုးသား (၁)ဦးသေဆုံးကာ၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရမှုနှင့်ပတ်သက်၍ ဒေသခံများက ဇူလိုင်လ (၁၀) ရက်နေ့၌ ဆန္ဒထုတ်ဖေါ်ခွင့် တင်ပြခဲ့ရာ COVID 19 ကာလဖြစ်၍ လူစုလူဝေးပြုလုပ်ခြင်းအား ခွင့်ပြုထားခြင်းမရှိသော်လည်း ဆန္ဒထုတ်ဖေါ်ခြင်းကို  လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖေါ်ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖေါ်ခွင့်ပြုရန် ဦးဆောင်တင်ပြခဲ့သူ ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနှင့် ဦးအာလိယျတို့ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် အရေးယူရန်ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ဦးဆောင်သူ (၃)ဦးမှာ စာတင်စဉ်က ဦးဆောင်၍ တင်ပြခဲ့ကြသော်လည်း ဆန္ဒထုတ်ဖေါ်သည့်နေ့တွင် လိုက်ပါလာခြင်းမရှိဘဲ အရေးယူခံရခြင်းဖြစ်၍  ကျောက်မဲလွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြောင်းအရ အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ (၃)ဦးကို ထိန်းသိမ်းထားခြင်း မရှိသေးဘဲ ဆန္ဒပြသည့်နေ့မှ (၁၅)ရက်အတွင်း ဥပဒေအရ ထုချေလျှောက်ထားခွင့်ရှိကြောင်း သိရသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖေါ်မှုမှ ဦးဆောင်သူ (၃)ဦးကို အရေးယူခြင်းအား ကန့်ကွက်ရှုံ့ချကြောင်း ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများအပါအဝင် လူမှုအဖွဲ့အစည်းပေါင်း (၂၀၀)ကျော်က သဘောထားထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စုအတွင်း ဇွန်လ (၂၇) ရက်နေ့နှင့် (၂၈) ရက်နေ့များက တပ်မတော်နှင့် RCSS/ SSA တို့ကြား တပ်မတော်က ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲခရိုင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်တို့က လူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံစာတစ်စောင်ကိုလည်း ဇူလိုင်လ (၂)ရက်နေ့က ပေးပို့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~