ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးသယ်သူနှစ်ဦးကို ဖမ်းမိရာမှ မူးယစ်ဆေးထုတ်လုပ်ရောင်းချသူတစ်ဦးကို ဖေါ်ထုတ်ဖမ်းဆီးရမိ

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးသယ်သူနှစ်ဦးကို ဖမ်းမိရာမှ မူးယစ်ဆေးထုတ်လုပ်ရောင်းချသူတစ်ဦးကို ဖေါ်ထုတ်ဖမ်းဆီးရမိ
ဇန်နဝါရီ 4, 2020
By Tachileik News Agency

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးသယ်သူနှစ်ဦးကို ဖမ်းမိရာမှ  ထုတ်လုပ်ရောင်းချသူတစ်ဦးကိုပါ ဖေါ်ထုတ်ဖမ်းဆီးရမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးသယ်ဆောင်လာသူ (၂)ဦးကို ဖမ်းဆီး ရမိပြီးနောက်ဆက်တွဲအနေဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူကိုပါ မူးယစ်ဆေးများ၊ မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းများနှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးလမ်း ကျောက်ထုတ်လုပ်ရေးစခန်းအနီးတွင် လွယ်ခန်ကျေးရွာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးကို တားဆီးစစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ Ice အလေးချိန် (၅) ကီလိုနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ တင်ဆောင်လာသည့် မော်တော်ယာဉ်အား မောင်းနှင်သူ အားဖျင့်(ခ)လောက်သားနှင့် မော်တော်ယာဉ်တွင် လိုက်ပါလာသူ မရှောက်လုတို့ကို ကွတ်ခိုင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခဲ့ပြီးနောက် အဆိုပါမူးယစ်ဆေးများ သယ်ဆောင်ခိုင်းသူဖြစ်သည့် ချိန်ယုံစိမ်းကို ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာရှိ နေအိမ်မှ ထပ်မံ ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာရှိ ချိန်ယုံစိမ်း၏နေအိမ်အား ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၃ ) ရက်နေ့၊ နေ့လယ် (၂)နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေရာ ချိန်ယုံစမ်းကို နေအိမ်၌တွေ့ရပြီး  နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၁၆ ၀၀၀) ပြား ၊ Ice အလေးချိန် (၈) ကီလိုနှင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်းသိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဖျင့်(ခ)လောက်သား၊ ရှောက်လုနှင့်ချိန်ယုံစမ်းတို့ကို ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~