အသက် (၁၅) နှစ်အရွယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် တူတစ်လက်ဖြင့် ထုရိုက်လာခဲ့သည့် ကျူးဘား သံမဏိလူသား

အသက် (၁၅) နှစ်အရွယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် တူတစ်လက်ဖြင့် ထုရိုက်လာခဲ့သည့် ကျူးဘား သံမဏိလူသား
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကျူးဘား သံမဏိလူသားဟု လူသိများသည့် လမ်းပေါ် ဖျော်ဖြေရေးသမား အသက် (၃၂) နှစ်အရွယ် လီနို တိုမာဆင် (Lino Tomasen) က တူကြီးတစ်လက်ဖြင့် တစ်နေ့လျှင် အကြိမ် (၁,၀၀၀) ခန့် ကိုယ့်ကိုယ်ကိုယ် ထုရိုက်သည်ဟု ဆိုသည်။ 

၂၀၂၀ ခုနှစ်တွင် ၎င်း၏လက်သီးနှင့် တံတောင်တို့ဖြင့် ကွန်ကရစ်နံရံများကို ထိုးနေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့စဥ် မီဒီယာများ၏ အာရုံစိုက်မှုကို လီနို ပထမဆုံး ရရှိခဲ့သည်။ 

ထိုနောက်ပိုင်းမှစ၍ လီနို တဖြည်းဖြည်း နာမည်ကြီးလာခဲ့သည်။

ယခုအခါ လီနို၏ Instagram တွင် follower (၁၀၀,၀၀၀) ကျော်ရှိနေပြီး ၎င်း၏ မယုံနိုင်လောက်စရာ ခန္ဓာကိုယ် မာကျောမှုနှင့် ခံနိုင်ရည်ရှိမှုကို လူအများကြား တင်ဆက်ပြသသည့် ဖျော်ဖြေရေးသမား ဖြစ်နေသည်။ 

လီနိုက ၎င်း၏ကျောပေါ်တွင် လူတစ်ဦးကိုတင်ထားပြီး ဒိုက်ထိုးပြပြီး ဆေးပြင်းလိပ်ခဲလျက် တူကြီးတစ်လက်ဖြင့် ၎င်း၏ လက်ကောက်ဝတ်၊ လက်သီး၊ တံတောင်ဆစ်နှင့် ညို့သကျည်း သို့မဟုတ် အခြား ခန္ဓာကိုယ်နေရာများကို ထုရိုက်ပြလေ့ရှိသည်။

လီနိုက ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားသည့် ကျူးဘားနိုင်ငံ Guanabo ကမ်းခြေမြို့လေးတွင် ၎င်း၏ အံ့မခန်း ခန္ဓာကိုယ် မာကျောပြီး ခံနိုင်ရည်ရှိမှု လက်တွေ့ပြသလေ့ရှိသည်။ ဗီဒီယိုတစ်ခုတွင် လီနိုက တံတောင်ဆစ်ဖြင့် ထုရိုက်၍ အုန်းသီးခွဲပြခဲ့သည်ကို တွေ့ရသည်။ 

၎င်း၏ ခန္ဓာကိုယ်ကို ယခုကဲ့သို့ မာကျောပြီး ခံနိုင်ရည်ရှိစေရန် အသက် (၁၅) နှစ်အရွယ်ကတည်းက တူတစ်လက်ဖြင့် စတင် ထုရိုက်လာခဲ့သည်ဟု ကျူးဘား သံမဏိလူသား လီနိုက ဆိုသည်။

ခန္ဓာကိုယ် မာကျောလှသည့် လီနိုမှာ ယခင်က လက်ဝှေ့သမားတစ်ဦးလည်း ဖြစ်ခဲ့သည်။ တစ်ချိန်က ကမ္ဘာကျော် လက်ဝှေ့သမား မိုက်တိုင်ဆန် (Mike Tyson) ကို အားကျခဲ့သူ လီနိုက ပရောက်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦး ဖြစ်လာရန် ကိုယ့်ကိုယ်ကိုယ် အကြိမ်ရေ သန်းနှင့်ချီ တူဖြင့်ထု၍ လေ့ကျင့်လာခဲ့ကြောင်းနှင့် နောက်ဆုံးတွင် မက္ကစီကိုမြို့သို့ လက်ဝှေ့ထိုးရန် ပြောင်းရွှေ့လာခဲ့သည်ဟု ဆိုသည်။

"ကျွန်တော် (၂၇) ပွဲ ထိုးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်ကို ဦးခေါင်းခွံကွဲအောင် ထိုးခဲ့ပြီး သူ ပွဲချင်းပြီး သေသွားခဲ့တာကြောင့် ကျွန်တော် လက်ဝှေ့ကနေ အနားယူလိုက်တယ်" ဟု လီနိုက Reuters သတင်းဌာနနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဖွင့်ဟပြောခဲ့သည်။

"ကျွန်တော် လက်ဝှေ့ပွဲတွေကနေရခဲ့တဲ့ ငွေအားလုံး ကျွန်တော့် မိသားစုကို ပေးခဲ့တယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) ဖြစ်မယ်။ နောက် ဘယ်တော့မှ လက်ဝှေ့ မထိုးတော့ဘူးလို့ သံဓိဌာန်ချထားတယ်" လီနိုက ဆိုသည်။ 

ထိုငွေပမာဏမှာ ကျူးဘားနိုင်ငံတွင် နေထိုင်သူ အများစုအတွက် အလွန်ကြီးမားသော ငွေပမာဏလည်း ဖြစ်သည်။

 

Source: Reuters