ယူကရိန်းတွင် စစ်ပွဲဖန်တီးမှုနှင့် ပူတင်၏ ဖက်ဆစ်ဝါဒကြောင့် ရုရှားဘီလျံနာတစ်ဦးက နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်

ယူကရိန်းတွင် စစ်ပွဲဖန်တီးမှုနှင့် ပူတင်၏ ဖက်ဆစ်ဝါဒကြောင့် ရုရှားဘီလျံနာတစ်ဦးက နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းတွင် စစ်ပွဲဖန်တီးမှုနှင့် ပူတင်၏ ဖက်ဆစ်ဝါဒကြောင့် ရုရှားဘဏ်လုပ်ငန်းရှင် ဘီလျံနာ Oleg Tinkov က ရုရှားနိုင်ငံသားဖြစ်မှုကို စွန်လွှတ်လိုက်ကြောင်း သိရသည်။ 

ဘီလျံနာ Tinkov မှာ ရုရှားနိုင်ငံ၏ အကြီးဆုံး ငွေချေးဘဏ်တစ်ခုဖြစ်သည့် Tinkoff ဘဏ်ကို တည်ထောင်သူဖြစ်ပြီး ထိုဘဏ်၏ ဝန်ဆောင်မှုကို အသုံးပြုနေသူ သန်း (၂၀) ခန့်ရှိသည်။

"သူတို့ရဲ့ ငြိမ်းချမ်းတဲ့ အိမ်နီးချင်းနဲ့ စစ်ပွဲတစ်ခု စတင်ခဲ့တဲ့ ဖက်ဆစ်နိုင်ငံနဲ့ ကျွန်တော် မပတ်သက်နိုင်တော့ဘူး ပတ်သက်မှာ မဟုတ်တော့ဘူး" ဟု Tinkov က ၎င်း၏ Instagram တွင် ရေးသားထားသည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့် ပတ်သက်၍ ရုရှားစီးပွားရေးလုပ်ငန်းရှင် အနည်းငယ်မျှက ဝေဖန်ခဲ့ကြပြီး ၎င်းတို့အနက် Tinkov လည်း ပါဝင်သည်။

လွတ်လပ်သည့် ရုရှားသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Sota Vision က Twitter တွင် တင်ထားသည့် ဓာတ်ပုံတစ်ပုံအရ ဘီလျံနာ Tinkov က ၎င်း၏ ရုရှားနိုင်ငံသားအဖြစ်မှ ရပ်စဲလိုက်ကြောင်း အထောက်အထားစာကို တွေ့ရသည်။ 

ထို့အတူ Tinkov က သမ္မပူတင်၏ ရုရှားကို Instagram တွင် ဝေဖန်ပြောဆိုထားမှုကိုလည်း တွေ့ရသည်။ 

သို့သော် ယခုအခါ ထိုပို့စ်များကို Tinkov ၏ အကောင့်မှ ဖယ်ရှားလိုက်ပုံရသည်။

"ဒီပတ်စ်ပို့ကို ဆက်ကိုင်ထားရမှာ ကျွန်တော့်အတွက် ရှက်စရာပဲ။ နောက်ထပ် ထင်ရှားတဲ့ ရုရှားစီးပွားရေးသမားတွေလည်း ကျွန်တော့်လို လိုက်လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ ပူတင်ရဲ့ အစိုးရနဲ့ သူ့ရဲ့ စီးပွားရေး အားနည်းလာပြီး နောက်ဆုံးမှာ သူ ရှုံးနိမ့်စေမှာပါ"ဟု ဘီလျံနာ Tinkov က ပြောသည်။

 Tinkov မှာ လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသော်လည်း အခြား ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီးများနည်းတူ ဗြိတိန်၏ အရေးယူပိတ်ဆို့မှု ခံခဲ့ရသည်။

"ကျွန်တော် ပူတင်ရဲ့  ရုရှားကို မုန်းတယ်။ ဒါပေမဲ့ ဒီအရူးစစ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြတဲ့ ရုရှားတွေအားလုံးကို ကျွန်တော် ချစ်ပါတယ်" ဟုလည်း Tinkov က ပြောသည်။ 

ဘီလျံနာ Tinkov က ဧပြီလအတွင်းကလည်း ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအစိုးရကို ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ဖူးကြောင်း သိရသည်။

Source: BBC