လွိုင်ကော်မြို့ လျောင်းတော်မူဘုရားဘေးရှိ ဆိုင်တန်းများကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမှ ပေါ်တင်ဝင်ရောက် ဖောက်ထွင်းကာ ဖျက်ဆီးသွား 

လွိုင်ကော်မြို့ လျောင်းတော်မူဘုရားဘေးရှိ ဆိုင်တန်းများကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမှ ပေါ်တင်ဝင်ရောက် ဖောက်ထွင်းကာ ဖျက်ဆီးသွား 
ဇွန် 4, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တောင်ကွဲစေတီအနီး လျောင်းတော်မူဘုရားဘေးရှိ ဈေးဆိုင်ခန်းများအား ယနေ့ ဇွန်လ (၄)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမှ သော့များ ရိုက်ဖျက်၍ ဝင်ရောက်ဖောက်ထွင်းကာ ပစ္စည်းများ အကြောင်းမဲ့ ဖျက်ဆီးသွား ကြောင်းသိရသည်။ 

ယနေ့ ဇွန်လ (၄)ရက်နေ့ နေ့လည် (၁)နာရီခွဲ အချိန်ခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမှာ တောင်ကွဲစေတီအနီး လျောင်းတော်မူဘုရားရှေ့တွင် သေနတ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လာမျှဆိုင်ကယ်များကိုလည်း ပြန်လှည့်ခိုင်းကာ အနီးရှိ ဈေးဆိုင်ခန်းများအား သော့ဖျက်၍ဝင်ရောက်ကာ ပစ္စည်းများအား ဖျက်ဆီးယူဆောင်သွားကြောင်းသိရသည်။ 

ဒီ လျောင်းတော်မူဘေး ဆိုင်ခန်းတွေကို အကုန်ဝင်ဖောက်သွားတယ်။ သူတို့ မိုင်းလုံးမှာ ပစ်ပြီး အပြန်ပေါ့ ။ အဲ့မှာ ကျည်တွေ အတွဲလိုက်ပစ်တယ်။ လာသမျှဆိုင်ကယ်တွေ ပြန်လှည့်ခိုင်းတယ်။ ပြီးတော့ သော့တွေ ရိုက်ဖျက်ပြီး ဆိုင်ခန်းတွေကို ဖောက်တယ်။ အထဲက ပစ္စည်းတွေကို မွှေတယ်။ ဆိုင်ခန်းတွေက အတန်းလိုက်ရှိတာ အကုန်လုံးနီးပါးပဲ။ ဆိုင်တစ်ဆိုင်ဆို ကွန်ပျူတာတွေယူသွားပြီး နှစ်လုံးကို မြောင်းထဲ ပစ်ခဲ့တယ်။ တစ်လုံးတော့ ရှာမတွေ့သေးဘူး။ အလှပြင်ဆိုင်ထဲကိုလည်း ဝင်ပြီးတော့ အိပ်သွားတယ်။ ဒီဆိုင်တွေက ပိတ်ထားတာပေါ့ လူမရှိဘူး။ သူတို့အဲ့မှာ (၃)နာရီနီးပါးလောက် စခန်းချပြီး လုပ်ချင်တိုင်းတွေ လုပ်သွားတာ။ ကွမ်းယာဆိုင်က ဆေးလိပ်တွေကအစ အကုန် ယူသွားတယ်။

ဟု မျက်မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့တွင် ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းမှ စ၍ အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ မြို့တွင်းလှည့်လည်ကာ လမ်းပေါ်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍း မိုင်းလုံးရပ်ကွက်ရှိ ဒေသခံတစ်ဦးကျည်ထိ၍ သေဆုံးခဲ့သည်။