ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က ပြည်သူ(၂)ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ကာ ဖြစ်ကလက်ဆန်း ပူးတွဲ မြှုပ်နှံခဲ့သည်ကို တွေ့ရှိ

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က ပြည်သူ(၂)ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ကာ ဖြစ်ကလက်ဆန်း ပူးတွဲ မြှုပ်နှံခဲ့သည်ကို တွေ့ရှိ
နိုဝင်ဘာ 7, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်(၉)တပ်ရင်းမှ နိုဝင်ဘာလ(၆)ရက်နေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အာဏာသိမ်းစစ်တပ်၏ စခန်းချရာ အနီး၌ သတ်ခံထားရပြီး မြေမြှုပ်ထားသည့် ပြည်သူ (၂)ဦး၏ အလောင်းအား တွေ့ရှိရ၍ ကောင်းမွန်စွာ ပြန်လည်သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ စခန်းချရာ နေရာအနီးတွင် လူသေအလောင်းမြေမြှုပ်ထားသည့် ပုံသဏ္ဍာန်ကို တွေ့ရ၍ မြေတူးကြည့်ရာ လူသေအလောင်း (၂)လောင်းကို တွေ့ရှိရပြီး သေဆုံး ပြည်သူ(၂)ဦးမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံခဲ့ရသည်ဟု ယူဆသလို အလောင်းများတွင်လည်း လည်ပင်းတွင် ကြိုးကွင်းစွတ်ထားသည်ကိုတွေ့ရကြောင်း သိရသည်။

သေဆုံး ပြည်သူ(၂)ဦး၏ အလောင်းကို အာဏာသိမ်းစစ်တပ်က မြေကျင်းတစ်ကျင်းထဲတွင် ရောနှောကာ ဖြစ်ကလက်ဆန်း ကွေးလျက်ဖြင့် မြှုပ်နှံထားသည်ကို တွေ့ရသည့်အတွက် ရုပ်အ​လောင်းများကို  ပြန်လည်တူးဖော်ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့သည်ဟု KNDF B-09 က သတင်းထုတ်ပြန်ထားသည်။

 

ပုံအညွှန်း -   ကောင်းမွန်စွာ ပြန်လည် သင်္ဂြိုဟ်ပေးရန်အတွက် KNDF က ပြန်လည်တူးဖော်နေစဉ်။

 

Photo: KNDF B-09