ကျောက်မဲမြို့တွင် Facebook ပေါ် ဆန္ဒပြ ဗီဒီယိုများ တင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဦးမင်းမင်းအား ၅၀၅-က ဖြင့် အမှုဖွင့်ထား

ကျောက်မဲမြို့တွင် Facebook ပေါ် ဆန္ဒပြ ဗီဒီယိုများ တင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဦးမင်းမင်းအား ၅၀၅-က ဖြင့် အမှုဖွင့်ထား
ဇွန် 3, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ထီဆိုင်နှင့်ဆေးမျိုးစုံဆိုင်ဖွင့်လှစ်ထားသည့် ဦးမင်းမင်းအား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသည့် ဗီဒီယိုများကို Facebook ပေါ်တင်သည်ဟု ဆိုကာ ဖမ်းဆီးပြီး  ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ထီဆိုင် နှင့် ဆေးမျိုးစုံဆိုင် ဖွင့်လှစ်ထားသည့် ဦးမင်းမင်း အား ၂၀၂၁ခုနှစ် မေလ(၃၀)ရက်နေ့ ညနေပိုင်းက ၎င်း၏ ထီဆိုင်အတွင်း အာဏာသိမ်းစစ်တပ်က သေနတ်များထောက်၍ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသွားပြီးနောက် စစ်ဆေးမေးမြန်းပြီးပါက ပြန်ပို့မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မည်သည့်နေရာတွင် ထားကြောင်းမသိရသည့်အပြင် ၎င်းအား စခန်းမှူးက တရားလိုပြုလုပ်ပြီး ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၇၈/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းကို ဇွန်လ(၃)ရက်နေ့မှ သိရှိရသည်။ 

 

ဖမ်းဆီးခံရသူသည် ကျောက်မဲမြို့တွင် ရပ်ရွာအကျိုးများကို အားသွန်ခွန်စိုက် လုပ်ကိုင်တတ်သူ၊ အလှူအတန်းရက်ရောသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က ဆိုင်ကယ်သပိတ်စစ်ကြောင်း အဖွဲ့ နှင့် ပါဝင်ဆန္ဒပြသူများကို ဖမ်းဆီးရန်အတွက် စုံစမ်းမှုများ လုပ်ဆောင်နေသလို  ဇွန်လ(၂)ရက် ညနေ(၃)နာရီခွဲဝန်းကျင်အချိန်ကလည်း ကျောက်မဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှ လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားကာ ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်လိုက်ကြောင်းလည်း သိရသည်။