မန္တလေးမှ လားရှိုးဘက်သို့ ကားကြီး (၃)စီးဖြင့် သယ်လာသည့် မူးယစ်ဆေးထုတ်လုပ်ရာတွင် သုံးသော ဓါတုပစ္စည်းများကို  RCSS  က ဖမ်းမိ

မန္တလေးမှ လားရှိုးဘက်သို့ ကားကြီး (၃)စီးဖြင့် သယ်လာသည့် မူးယစ်ဆေးထုတ်လုပ်ရာတွင် သုံးသော ဓါတုပစ္စည်းများကို  RCSS  က ဖမ်းမိ

မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းများ တင်ဆောင်လာသော ကားကြီး (၃) စီးကို မန္တလေး - လားရှိုးလမ်းပိုင်းတွင် RCSS/SSA က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း RCSS/SSA က သတင်းထုတ်ပြန်ထားသည်။ 

မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသော ဆိုဒါအိတ် စုစုပေါင်း (၅၀၀) အိတ်နှင့် အက်ဆစ်ဆေးရည် ပေပါပုံးပေါင်း (၁၉၄)ပုံး တင်ဆောင်လာသည့် (၁၂) ဘီးကား (၃) စီးကို ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် (၆) ဦးတို့နှင့်အတူ မန္တလေး-လားရှိုးလမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ (၂၆) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲ၌ ဖမ်းဆီးရမိခြင်း  ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓါတုပစ္စည်းများ၏ ပိုင်ရှင်မှာ ရန်ကုန်မှဖြစ်ပြီး မန္တလေးမှ လားရှိုးဘက်သို့ သယ်လာချိန်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့နှင့် နိုဝင်ဘာလ (၂၀) ရက်နေ့များကလည်း RCSS/SSA ထိန်းချုပ်ရာဒေသ ရှမ်းပြည်တောင်ပိုင်း လဲချား-မိုင်းနောင်ကြားတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀) ပြား၊ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသော ဓါတုဆေးရည်များ၊ မူးယစ်ဆေးရောင်းရငွေ သိန်းပေါင်း (၁, ၁၀၀) ကျပ်နှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများနှင့်အတူ မူးယစ်ဆေးနှင့်ပတ်သက်သူ (၈) ဦးကို ဖမ်းဆီးရမိထားသည်ဟု RCSS က သတင်းထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ ၎င်းတို့ထိန်းချုပ်ရာနယ်မြေအတွင်း တင်းကြပ်စွာစစ်ဆေးလျှက်ရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။