ကျောက်မဲမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်အရောင်းဆိုင်များ ပိတ်ထားရန် အကြောင်းကြားလာ၍ ပိတ်ထားရ

ကျောက်မဲမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်အရောင်းဆိုင်များ ပိတ်ထားရန် အကြောင်းကြားလာ၍ ပိတ်ထားရ

 ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် နယ်မြေခံစစ်တပ်က လာရောက်အကြောင်းကြားထားမှုများ ကြောင့် မြို့တွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်အရောင်းဆိုင်များ အားလုံး ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့ကနေ စတင်ပြီး  ပိတ်ထားရကြကြောင်း သိရသည်။

မေလ(၈) ရက်နေ့က ကျောက်မဲမြို့အဝင် အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်တွင် လားရှိုးဘက်မှ မောင်းလာ သော မော်တော်ယာဥ်တစ်စီးပေါ်မှ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၂)စီးကို အဖွဲ့စုံဖြင့် စစ်ဆေး တွေ့ရှိဖမ်းဆီးမှု လုပ်ဆောင် ပြီးနောက် ကျောက်မဲမြို့တွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်အရောင်းဆိုင်များ၊ တစ်နိုင်တစ်ပိုင် ဆိုင်ကယ် ဝယ်/ ရောင်းများအနေဖြင့် ဆက်လက်မရောင်းချရန် စစ်တပ်မှ လာရောက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့အကြောင်းကြားထားသည့်အတွက် မေလ (၉)ရက်နေ့ နံနက်ပိုင်းက စတင်၍ ကျောက်မဲမြို့တွင်းရှိ ဆိုင်ကယ် အရောင်းဆိုင် အသီးသီးမှာ ဆိုင်များကို လုံးဝပိတ်သိမ်းထားပြီး လိုင်စင်မဲ့မော်တော်ယာဥ်နှင့် လိုင်စင်မဲ့ ဆိုင်ကယ် များကိုပါ မြို့အတွင်း ဖမ်းဆီးမည်ဟုသော သတင်းကြောင့် မြို့နေလူထုလဲ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

Covid-19 ပထမလှိုင်း ဖြစ်ပေါ်ခဲ့ကတည်းကစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ခရိုင်ရုံးစိုက်ရာ ဒေသများရှိ  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန( ကညန )ရုံးများလည်း ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိဘဲ ပိတ်ထားခဲ့ခြင်းဖြစ်သည့် အတွက် ဒေသအတွင်း အများပြည်သူ အားထားအသုံးပြုနေသည့် မော်တော်ဆိုင်ကယ်များကိုလည်း ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်း မရှိခဲ့ခြင်း ဖြစ်သည်။