နယ်ခြားစောင့်တပ် ပူးပေါင်းပါဝင်သည့် အာဏာသိမ်းစစ်တပ်အဖွဲ့ နှင့် KNU အကြား မေလအတွင်း တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွား

နယ်ခြားစောင့်တပ် ပူးပေါင်းပါဝင်သည့် အာဏာသိမ်းစစ်တပ်အဖွဲ့ နှင့် KNU အကြား မေလအတွင်း တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွား

KNU တပ်မဟာ (၅) နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ၂၀၂၁ ခုနှစ်၊ မေလအတွင်း နယ်ခြားစောင့်တပ်အပါအဝင် အာဏာသိမ်းစစ်တပ်နှင့် KNU တို့ကြား တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွားသည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး ဖာပွန်ခရိုင်အတွင်း စစ်အင်အားတိုးချဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခြင်းများကို ပြုလုပ်နေသဖြင့် KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားနေရာ ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ တိုက်ပွဲ (၁၉၃) ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ဘက်မှ ဗိုလ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦးအပါအဝင် (၁၂၈) ဦးသေဆုံးပြီး (၁၈၀) ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ရိက္ခာသည်ဆောင်သည့် မြင်း (၁၂) ကောင်သေဆုံးကာ မော်တော်ယာဉ် (၉) စီးလည်းပျက်စီးခဲ့သည်ဟု KNU က သတင်းထုတ်ပြန်သည်။

အလားတူ KNU တပ်မဟာ(၅)ဘက်မှလည်း (၂) ဦးကျဆုံးပြီး (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူ (၁) ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ (၅) ဦးရှိခဲ့သည်ဟု သိရသည်။ ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများကို နေ့စဉ်ပစ်ခတ်မှုများကြောင့် နေအိမ် (၉၈) လုံးပျက်စီးခဲ့ရပြီး ကျေးရွာအများစုမှ ဒေသခံများ နေအိမ်နှင့်လုပ်ငန်းခွင်များကို စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း သိရသည်။