တန့်ဆည်ဆေးရုံအပါအဝင် မြို့နယ်တစ်ခုလုံးမှ ကျန်းမာရေးဝန်ထမ်းများ CDC စတင်

တန့်ဆည်ဆေးရုံအပါအဝင် မြို့နယ်တစ်ခုလုံးမှ ကျန်းမာရေးဝန်ထမ်းများ CDC စတင်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန်ဆည်မြို့နယ်၊ တန့်ဆည်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံအပါအဝင် မြို့နယ်အတွင်း ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobedience Campaign ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့၌ တစ်မြို့နယ်လုံးမှ ကျန်းမာရေးဝန်ထမ်းများက စတင်လိုက်ပြီဖြစ်သည်။



Civil Disobedience Campaign လုပ်ဆောင်နေသည့်ကာလအတွင်း တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အရေးပေါ်လူနာကိုသာ လက်ခံကြည့်ရှုပေးမည်ဖြစ်ပြီး ပြင်ပလူနာများကို အခမဲ့ကြည့်ရှုကုသပေးရေးအတွက် တန့်ဆည်မြို့၊ လမ်းဆုံ ပင်စောက်ကျောင်းတိုက်အတွင်း၌ ပါရမီ/လမ်းဆုံ ပရဟိတအဖွဲ့များ ဦးဆောင်မှုဖြင့် စီစဉ်ထားကြောင်း သိရသည်။



အဆိုပါ CDC လုပ်ဆောင်မှုတွင် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများမှလည်း ပါဝင်လုပ်ဆောင်ကြကြောင်း သိရသည်။



စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDC လုပ်ဆောင်နေပြီး ပြည်သူလူထုကလည်း နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။



စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် CDC ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများက မဖြစ်မနေ ဆောင်ရွက်ရသည့် လှုပ်ရှားမှုအတွက် အများပြည်သူအနေဖြင့် နားလည်ပေးကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

Tachileik News Agency