တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး လာမည့်နှစ်ဆန်းတွင် ပြန်လည်စတင်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး လာမည့်နှစ်ဆန်းတွင် ပြန်လည်စတင်မည်
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ 
ညှိနှိုင်းအစည်းအဝေး လာမည့်နှစ်ဆန်းတွင် ပြန်လည်စတင်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ( ၈ ) ကြိမ်မြောက်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ကျင်းပရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ သဘောထား (၈)ချက်ကို အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၈)ရက်နေ့၌ ကျင်းပမည်ဟု လျာထားသည့် JICM အစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည့် အကြောင်း အရာများ၊ JICM အစည်းအဝေးအပြီးတွင် ရှေ့ဆက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်များ၊ JICM အစည်းအဝေးတက်ရောက်မည့် NCA-S-EAO ခေါင်းဆောင်များ၏ ပြည်တွင်း ခရီးစဉ်လမ်းကြောင်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက ပြောသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင အဖွဲ့အစည်း (NCA-S EAOs) တို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အကြိုညှိနှိုင်းအစည်းအဝေးအတွင်း သဘောတူညီမှုရခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM)၏ ( ၇ ) ကြိမ်မြောက်ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်၊ ( ၆ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်၊( ၅ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် ဧပြီလ (၂၄) ရက်၊( ၄ ) ကြိမ်မြောက်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၄) ရက်၊ ( ၃ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်၊( ၂ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နှင့် (၁၈) ရက်၊ ပထမအကြိမ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့က လက်မှတ်ရေးထိုးထားပြီး NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့များလည်း ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~