ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ခန့်အပ်

ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ခန့်အပ်
နိုဝင်ဘာ 28, 2019
By Tachileik News Agency

ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ခန့်အပ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၆/၂၀၁၉ ဖြင့် ပြောင်းလဲတာဝန်ပေးလိုက်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဝန်ကြီးဌာနတို့ကို ပေါင်းစည်းကာ "စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန"အဖြစ် ပြင်ဆင်ဖွဲ့စည်းရေးကို နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းရေးကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က နိုဝင်ဘာလ (၁၅) ရက်နေ့က လွှတ်တော်တွင် တင်ပြခဲ့ပြီး ဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ထိရောက်စေမည်ဖြစ်ပြီး လက်ရှိတွင်လည်း စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှု လက်အောက်ရှိ နိုင်ငံပိုင် စက်ရုံ ( ၅၇ ) အနက် စက်ရုံ (၄) ရုံသာလျှင် အမြတ်ဖြင့် လည်ပတ်နေနိုင်ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းလင်းထားသည်။

ယင်းကဲ့သို့ ပေါင်းစည်းခြင်းသည် ဝန်ကြီးဌာနတစ်ခုအား ဖျက်သိမ်းခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ ရည်မှန်းချက်များ ပို၍ထိရောက်မြန်ဆန်စေရန်ဖြစ်သည်ဟု နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ရှင်းလင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာနပေါင်းစည်းရေးအား ဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၉) မဲ၊ ကန့်ကွက်မဲ (၂၂၂) မဲ ၊ကြားနေမဲ (၂ )မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~