နိုင်ငံရေးပါတီ(၁၂)ခုက ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်လာ

နိုင်ငံရေးပါတီ(၁၂)ခုက ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်လာ

 နိုင်ငံရေး ပါတီ(၁၂)ခုက ရေးဆွဲသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်း ပုံအခြေခံဥပဒေကို ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)ပါတီတချို့က စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ‌ဖော်ဆောင်ရေး ပြည်သူ့ကော်မတီကို ‌ဖွဲ့စည်းဆွေးနွေးခဲ့ကြပြီးနောက် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ(PRCF)အဖြစ် ပြောင်းလဲခဲ့သည်ဟု သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ၏  Pdf File ကို  https://bit.ly/prcf2024fcfd  ဒီမှာယူပါ။

"ကျွန်တော်တို့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပြင်ဆင်နေတာတော့ကြာပြီဗျ။ အာဏာမသိမ်းခင်ကတည်းကပါ။ အဲဒီဟာရဲ့အဆက်ကို ဆက်လုပ်တာပါ။ နောက်တစ်ခုက အခုလုပ်တာက ကျွန်တော်တို့ အင်အားစုတွေရဲ့ ပထမအဆင့်ပါ။ ဒုတိယအဆင့်မှာ ကျန်တဲ့အင်အားစုတွေနဲ့ ညှိတာ၊ နှိုင်းတာ၊ ဆွေးနွေးတာ အဲဒါတွေ ဖြစ်လာမယ်ထင်ပါတယ်။"ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မထုတ်ပြန်ခင်တွင် မဟာမိတ်များဖြစ်သည့် KNU၊ KNPP စသည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများထံ သဘောထားများပေးပို့၍ လေ့လာခိုင်းခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကလည်း တော်လှန်ရေးအလွန် ကာလတွင် ဖွဲ့စည်းပုံသစ်ရေးဆွဲမည်ဟု ပြောဆိုထားခြင်းဖြစ်ပြီး အဆိုပါ ဥပဒေနှင့်စပ်ဆက်မှု ရှိ၊ မရှိကိုမူ ပြောဆိုရန် ‌အချိန်စောနေသေးသည်ဟုလည်း ဦးအောင်ဇော်မိုးက ပြောသည်။

"အဲဒီကိစ္စကတော့ ပြည်သူ့လူထုအပေါ်မှာ မူတည်ပါတယ်ဗျ။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက သူယုံကြည်တဲ့၊ သူရှိသင့် ရှိထိုက်တဲ့ ကိစ္စ တွေ ပြည့်စုံအောင်လုပ်ထားတာပါ။ ကာလတစ်ခုကို အများပြည်သူကြားမှာ ချပြမယ်၊ ညှိမယ်၊ နှိုင်းမယ် အခြားအင်အားစုတွေနဲ့ ညှိနှိုင်း မှာပေါ့။ ဒါမှ အားလုံး သဘောတူမယ် အားလုံးရဲ့အမြင်ချင်တဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်လာမှာပါ။ ဒီကိစ္စက ပြောဖို့ အင်မတန်စောပါသေးတယ်။ ကျွန်တော်တို့ လုပ်ရမယ့်ကိစ္စတွေကို လုပ်ထားတဲ့သဘောပါ။"ဟု ဦးအောင်ဇော်မိုးက ပြောသည်။

အဆိုပါ ကော်မတီသည် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥအဒေ ပေါ်ပေါက်ရေး၊ ဒီမိုကရေစီအခွင့်အရေးများနှင့် အခြေခံလူ့အခွင့်အရေးတို့ကို အာမခံသည့် အေးချမ်းသာယာပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ခိုင်မာအောင် တည်ဆောက်ရေးတို့ကို လုပ်ဆောင်မည်ဟု သိရသည်။

ပါဝင်သည့် ပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အမျိုးသားပါတီ (KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ မွန်ရေးရာအဖွဲ့ (MAA) တို့ဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ၏  Pdf File ကို  https://bit.ly/prcf2024fcfd  ဒီမှာယူပါ။