ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ပစ်ခတ်၍ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ပစ်ခတ်၍ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
မေ 26, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်နေ့ နံနက်ပိုင်း၌ တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်ကောင်စီ၏တပ်က အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ငွေတောင်ဆည်ဘောင်လမ်း တံတားဖြူအနီးတွင် အရပ်သားများစီးလာသည့် ဆိုင်ကယ်ကိုထိမှန်ပြီး အမျိုးသမီး(၁)ဦးနေရာ၌ သေဆုံးကာ အမျိုးသား(၁)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

သူတို့စစ်တပ်ဖက်က စနိုက်ပါတွေရှိတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ဒီလမ်းသွားလမ်းလာ ပြည်သူရဲ့ဆိုင်ကယ်ကို လှမ်းပစ်တယ်။ အဲဒီမှာ အမျိုးသမီးကတော့ တစ်ခါတည်း ဆုံးသွားပါတယ်။ အမျိုးသားတစ်ဦးကတေ့ာ ဒဏ်ရာရပြီးတော့ ကျွန်တော်တို့ ကယ်ထုတ်ပြီး လုံခြုံတဲ့နေရာမှာ ဆေးကုထားတယ်

ဟု KPDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးမှာ စစ်ရှောင်စခန်းသို့ အသွား ငွေတောင်ဆည်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ရာရသွားသည့် အမျိုးသားကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF)က သွားရောက်ကယ်ထုတ်ပေးထားရကြောင်း သိရသည်။

ဒီမော့ဆိုမြို့တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့အကြား နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ၊ သံချပ်ကာကားများပါသုံး၍ တိုက်ခိုက်နေသည့်အပြင် ကင်းလှည့်ဒရုန်းများ၊ ကင်းထောက်လေယာဉ်များကိုပါ အသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည်။