ကယားပြည်နယ်အတွင်း ဇူလိုင်လ(၁၁)ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၁၀)ဦးထပ်မံတွေ့ရှိ၊ (၁)ဦး သေဆုံး 

ကယားပြည်နယ်အတွင်း ဇူလိုင်လ(၁၁)ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၁၀)ဦးထပ်မံတွေ့ရှိ၊ (၁)ဦး သေဆုံး 
ဇူလိုင် 11, 2021 | Covid-19| ကယား

ကယားပြည်နယ်အတွင်း COVID 19 အတည်ပြုလူနာ (၁၀)ဦးထပ်မံတွေ့ရှိ၍ တစ်ဦး သေဆုံး 

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖရူဆိုမြို့တို့တွင်  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၌ စစ်ဆေးချက်အရ COVID 19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ (၁) ဦး ရှိကြောင်း သိရသည်။ 

လွိုင်ကော်မြို့ရှိ ထေးသမရပ်ကွက်တွင်နေထိုင်သူ ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ ရုံးစောင့်(၁)ဦး ၊  ကြည်သာယာရပ်ကွက်မှ (၁) ဦး ၊ လောပိတမှ (၁)ဦး၊  မင်းစုရပ်ကွက် မှ (၁) ဦး၊ ရှမ်းပိုင်းရပ်ကွက်မှ (၁)ဦး၊ လောဓမ္မရပ်ကွက်မှ (၂) ဦးတို့တွင် COVID 19 ပိုးများ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဖူးသူများဖြစ်ကြောင်း သိရသည်။ 

ဖရူဆိုမြို့နယ်၊ ထီးတရဲရပ်ကွက်ရှိ ဝက်သားအရောင်းဒိုင်ပြုလုပ်သည့်နေအိမ်မှ ဖျားနာ၍ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားသူအား စစ်ဆေးရာ  COVID 19 ပိုးတွေ့ရှိခဲ့ပြီး ထိတွေ့မှုရှိသူများအား ထပ်မံစစ်ဆေးချက်အရ အသက်(၁၁)နှစ်အရွယ်နှင့် အသက်(၁၈)နှစ်အရွယ် နှစ်ဦးထံတွင်ပါ ပိုးကူးစက်နေကြောင်း သိရသည်။

ပိုးတွေ့ရှိသူ အတည်ပြုလူနာများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဆေးရုံများတွင် သီးခြားစောင့်ကြည့် ကုသမှုပေးလျှက်ရှိကြောင်း သိရပြီး ထိတွေ့မှုရှိသူများအား အသွားအလာကန့်သတ်၍ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ထိ COVID 19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင် စီ လက်ထက်တွင် ဇွန်လမှစ၍ ဇူလိုင်လ (၁၁) ရက်နေ့ ညပိုင်းထိ  COVID 19 အတည်ပြုလူနာတွေ့ရှိသူ  (၆၃)ဦး တွေ့ရှိ၍ သေဆုံးသူ (၃)ဦးရှိ​ ပြီဖြစ်ကြောင်း သိရသည်။