လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိရှေးကျေးရွာကြား လယ်ကွင်းထဲ၌ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို (၄)ရက်ကြာသည်အထိ မဖယ်ရှားရသေး

လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိရှေးကျေးရွာကြား လယ်ကွင်းထဲ၌ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို (၄)ရက်ကြာသည်အထိ မဖယ်ရှားရသေး
ဇွန် 14, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိရှေးကျေးရွာကြား လယ်ကွင်းထဲ၌ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို (၄)ရက်ကြာသည်အထိ မဖယ်ရှားရသေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိုရှေးကျေးရွာကြားရှိ လယ်ကွင်းထဲမှ လျှပ်စစ်မီးတာဝါတိုင်တစ်ခုအောက်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့က တွေ့ရသည့် မပေါက်ကွဲသေးသည့် တိုက်မိုင်း တစ်လုံးနှင့် နင်းမိုင်းတစ်လုံးကို ဇွန်လ (၁၄) ရက်နေ့အထိ ဖယ်ရှားရန် ကြိုးစားဆဲဖြစ်ကြောင်း သိရသည်။

လယ်ပိုင်ရှင်က (၁၀)ရက်နေ့ ည (၈) နာရီခွဲလောက်မှာ ကျွန်တော့်ကိုလာအကြောင်းကြားတယ်။ နောက် (၂၆၁)တပ်ကိုတိုက်ရိုက် ကျွန်တော်အကြောင်းကြားတော့ သူတို့ (၉) နာရီလောက်ရောက်လာတယ်။ ဘာမှတော့ မလုပ်သွားဘူး။ နောက်နေ့မနက်ကျတော့ သူတို့လာတယ်။ ရှင်းလင်းရေးပစ္စည်းကရိယာတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့မရှင်းသွားဘူး။ သူတို့အဖွဲ့လိုက်လာ ရှင်းမယ်လို့တော့ ပြောတယ်။ (၁၂) ရက်နေ့မှာ သူတို့ခြံလာကာထား လိုက်တယ်။ ခုထိတော့ အဲဒီအတိုင်းပဲရှိသေးတယ်။ ခုလောလောဆယ်တွေ့တာကတော့ နှစ်လုံးပေါ့။ နင်းမိုင်းတစ်လုံးရယ်၊ တိုက်မိုင်းတစ်လုံးပေ့ါ

 ဟု နိုးကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရှာရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းနှစ်လုံးတွေ့ရှိရသည့် လျှပ်စစ်တာဝါတိုင်အမှတ်စဉ် (၁၀၈) မှာ နိုးကိုးကျေးရွာ အထက်တန်းကျောင်းခွဲအနီး လယ်စိုက်ကွင်းများထဲတွင်ရှိနေသောကြောင့် နိုးကိုးကျေးရွာနှင့် ဒေါလိုရှေး ကျေးရွာအတွင်းရှိ  ကျေးရွာသားများနှင့် ကလေးများအား တာဝါတိုင်ရှိရာအနီးသို့သွားရောက်ခြင်း မပြုကြရန် ကျေးရွာ အုပ်ချုပ်ရေးမှူးက အသိပေးထားကြောင်းသိရသည်။

ဒီတာဝါတိုင်တွေ တောက်လျှောက်မှာတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မိုင်းတွေရှိတယ်။ တိုင်အောက်တွေကိုမသွားဖို့ သတိပေးဆိုင်းဘုတ်ဆိုလည်း ကိုယ်ထူကိုယ်ထ သွားကပ်ထားရတယ်။ ခုမိုင်းတွေ့တော့ အဲဒီနားတစ်ဝိုက်က လယ်သမားတွေက ထိတ်လန့်နေကြတယ်။ ဖြစ်နိုင်ရင် တစ်ခါထဲ လာရှင်းသွားစေချင်တယ်။ ရွာသားတွေကလေ တွေ အတွက်အန္တရာယ် ဖြစ်နိုင်လို့ပါ။ လောလောဆယ်က တစ်ခြားတာဝါတိုင်တွေကိုလည်း ခြံမခတ်ထားဘူးလေ ။ အဲဒီအောက်တွေမှာလည်း မရှိဘူးလို့မပြောနိုင်ဘူးလေ 

 ဟု နိုးကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရှားရယ်ကပြောသည်။

ကယားပြည်နယ် လောပိတရေအားလျှပ်စစ် စက်ရုံမှ မြန်မာနိုင်ငံအနှံ့ပြားသို့ ဓာတ်အားဖြန့်ဖြူးထားသည့် လျှပ်စစ်တာဝါတိုင်များ အောက်တွင် မိုင်းထောင်ထားသည်များ ရှိတတ်ပြီး တာဝါတိုင်အများစုမှာ ခြံစည်းရိုးခတ်ထားခြင်းမရှိ၍ လျှပ်စစ်တာဝါတိုင်များ ဖြတ်သန်းရာတလျှောက်ရှိ ကျေးရွာများမှ တာဝါတိုင်အောက်ဝင်မိသည့် နွားနှင့် ခွေးများ  မကြာခဏ မိုင်းထိလေ့ရှိပြီး ရံဖန်ရံခါ လူထိခိုက်မှုလည်းရှိတတ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~