တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို မကြာမီစတင်ရန် စစ်ကောင်စီတပ်ရင်းမှ တာဝန်ရှိသူများနှင့် ကနဦး ညှိနှိုင်းသဘောတူညီမှုရရှိထားဟု KNDF ထုတ်ပြန်

တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို မကြာမီစတင်ရန် စစ်ကောင်စီတပ်ရင်းမှ တာဝန်ရှိသူများနှင့် ကနဦး ညှိနှိုင်းသဘောတူညီမှုရရှိထားဟု KNDF ထုတ်ပြန်
ဇန်နဝါရီ 24, 2024 | 2021 Military Coup| ကယား

တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည်နယ်ရှိ မြို့နယ်အချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ စစ်ကောင်စီတပ်ရင်းတချို့မှ တာဝန်ရှိသူများနှင့် ကနဦးညှိနှိုင်းသဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း KNDFဗဟိုက ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်များကို ထောက်ထားကာ ကရင်နီပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာရှင်အား ဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

မိသားစုများအလိုက်ဖြစ်စေ၊ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုဆိုပြီး ဘက်ပြောင်းရေး အစီအမံအတိုင်း အထူးအကျိုးခံစားခွင့်များကို စီမံဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်နေရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့်  ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦးညှိနှိုင်းသဘောတူမှုများ ရရှိထားပြီးဖြစ်ဟု သိရသည်။

ထို့ကြောင့် မကြာမီတွင် တပ်ရင်းအလိုက် ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ အာဏာရှင်အား ကျောခိုင်းခြင်းဖြင့် ပြည်သူ့အောင်ပွဲတွင် ပါဝင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်သို့  ၂၀၂၁ခုနှစ် နှစ်လယ်နောက်ပိုင်း စစ်ဆင်ရေးများဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မ (၆၆)၊ တပ်မ (၅၅) လက်အောက်ရှိ စစ်ကောင်စီတပ်ရင်းများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် တပ်ရင်းအလိုက်  ထိခိုက်ကျဆုံးမှုများဖြင့် တပ်မများ ဖွဲ့စည်းပုံပျက်ကာ အင်းအားချိနှဲ့နေသည်ဟု ဆိုသည်။

၁၁.၁၁ စစ်ဆင်ရေးအတွင်း အဆိုပါ တပ်မများမှ လှုပ်ရှားစစ်ကြောင်းများ၊ စစ်ကူစစ်ကြောင်းများမှာလည်း ထပ်မံချေမှုန်းခံရကာ အများအပြား သေဆုံးပြီး လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးခံရသူများမှာလည်း ဦးရေရာဂဏန်း နီးပါးရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ တပ်မများမှ တပ်ရင်းများသည် ကရင်နီပြည်အတွင်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်စီးမှုစသော စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများဖြစ်သဖြင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ၄င်းတို့အား အပြီးသတ် ချေမှုန်းရန် ယတိပြတ်မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် တိုက်ပွဲနယ်မြေများအတွင်း လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဘက်ပြောင်းလိုသူများကိုလည်း ဘက်ပြောင်းရေးအစီအမံအရ ၄င်းတို့ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက်တွင် ပြန်လည်ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency