KGZ က ဖမ်းဆီးရမိသည့် ဒလန်ဟုယူဆရသူတစ်ဦးကို ကရင်နီပြည်ရဲဌာနသို့ အပ်နှံ စစ်ဆေးနေ

KGZ က ဖမ်းဆီးရမိသည့် ဒလန်ဟုယူဆရသူတစ်ဦးကို ကရင်နီပြည်ရဲဌာနသို့ အပ်နှံ စစ်ဆေးနေ
အောက်တိုဘာ 2, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ်တွင် KGZ အထူးတပ်ဖွဲ့က ၂၀၂၁ ခုနှစ်‌၊ အောက်တိုဘာလ (၂) ရက်နေ့တွင် ဖမ်းမိထားသည့် အာဏာသိမ်းစစ်တပ်သတင်းပေး (ဒလန်)ဟု ယူဆရသည့်အမျိုးသားတစ်ဦးကို စစ်ဆေးနိုင်ရန် ကရင်နီပြည်ရဲဌာန(KSP)သို့ အပ်နှံထားကြောင်း သိရသည်။

ကရင်နီပြည်ရဲအဖွဲ့မှ အဆိုပါအမျိုးသားအား စစ်ဆေးရာ  WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၇) ပြားအား ရှာဖွေတွေ့ရှိထားပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် ဒလန်ဟုယူဆရသူများအား ဖမ်းဆီးရမိပါက ကရင်နီပြည်နယ်ရဲအဖွဲ့ထံ လွှဲပြောင်းအပ်နှံပေးနေရာ စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း မသင်္ကာသူ (၁၀) ဦးအနက်မှ ဒလန်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ့ရသူ (၅) ဦးမှလွဲ၍ ကျန်လူများကို မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးထားကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင်း ပြည်သူလူထု၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲဝန်ဆောင်မှုများပေးနိုင်ရန် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM ရဲ (၃၂၀) ဦးဖြင့် ကရင်နီပြည်နယ်ရဲကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: KSP