တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေး ဖမ်းဆီးမှု အတွင်း လူငယ် (၇)ဦးအထက် ဖမ်းခံထားရ

တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေး ဖမ်းဆီးမှု အတွင်း လူငယ် (၇)ဦးအထက် ဖမ်းခံထားရ
မေ 22, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင်း၌ ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၂)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်နေပြီး လမ်းပေါ်တွင် ဖမ်းဆီးရမိသည့် လူငယ်များကို ရဲကားနှင့်စစ်ကားများ ရပ်ထားသည့် ရွှေတိဂုံလမ်းဆုံတွင် လာရောက်ပို့ဆောင်မှုများရှိနေရာ ည(၁၀)နာရီ (၁၀)မိနစ်အချိန်အထိ တစ်နေရာတည်းတွင် လူငယ် (၅)ဦး ဖမ်းခံထားရသည်။

လတ်တလော၌ ရွှေတိဂုံလမ်းဆုံနေရာတွင် ဖမ်းခံထားရသည့် (၅)ဦးထဲက (၄)ဦးကို ခြေထောက်တွင် သံကြိုးဖြင့် ချီထားပြီး၊ နောက်ဆုံး ဖမ်းမိသည့် လူငယ်တစ်ဦးကို လက်နောက်ပြန်ထားကာ လက်ထိပ်ခတ်ထားကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှေ့တွင်လည်း အာဏာသိမ်းစစ်တပ်၏ စစ်သားများနှင့်ရဲတို့က စစ်ဆေးမှုများ ပြုလုပ်နေရာ ကားစီးလာသည့် လူကြီးပိုင်းအရွယ်များကို လွတ်ပေးပြီး လူငယ်များကိုသာ အဓိကထား စစ်ဆေးနေရာတွင် ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးကို တားဆီးကာ ဆံပင်ဆွဲ ပါးများရိုက်နှက်ပြီး စုပေါင်းရုံးအတွင်းသို့ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

ယနေ့ ညတွင် တာချီလိတ်၌ ရွှေတိဂုံလမ်းဆုံ၊ စုပေါင်းရုံး နှင့် ပုန်းထွန်ရပ်ကွက်ဘက်တို့မှ ဖမ်းဆီးခံရသူ လူငယ် (၇)ဦးအထက်ရှိနေကြောင်း လတ်တလော သိရသည်။

တာချီလိတ်ရွှေတိဂုံအဆင်းတွင် စစ်ဆေးနေသည့် ရဲကားနှင့်စစ်ကားများအဖွဲ့သည် ယနေ့ ည(၁၀)နာရီ မိနစ်(၂၀)ဝန်းကျင်တွင် ယင်းနေရာမှ ထွက်ခွာသွားကြပြီး ဖမ်းဆီးခံထားရ၍ ထိုင်ခိုင်းထားသည့် လူငယ်များကိုလည်း ခေါ်ဆောင်သွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသော်လည်း ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် KTV နှင့် Club အပါအဝင် Bar များကို ဖွင့်ခွင့်ပြုထားသည့်အတွက် ညပိုင်းသွားရောက်လည်ပတ်သည့် လူငယ် များပြားသော်လည်း  ညပိုင်းထွက်သူများကို ယခုလို အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း ရှိနေသည်။