ကျိုင်းတုံမှတစ်ဆင့် နေရပ်ဒေသအသီးသီးပြန်ရန် အထူးဒေသ ၄ ဘက်တွင် Quarantine ဝင်နေသူ (၁၀၀၀)ကျော်ရှိနေ

ကျိုင်းတုံမှတစ်ဆင့် နေရပ်ဒေသအသီးသီးပြန်ရန် အထူးဒေသ ၄ ဘက်တွင် Quarantine ဝင်နေသူ (၁၀၀၀)ကျော်ရှိနေ
မေ 2, 2020
By Tachileik News Agency
ကျိုင်းတုံမှတစ်ဆင့် နေရပ်ဒေသ အသီးသီးပြန်ရန် အထူးဒေသ(၄)ဘက်တွင် Quarantine ဝင်နေသူ (၁၀၀၀)ကျော်ရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလား တွင် Quarantine ဝင်ပြီး ကျိုင်းတုံဘက်မှတစ်ဆင့် နေရပ်ပြန်မည့် တရုတ်နိုင်ငံမှဝင်လာသူ (၂,၀၀၀)ကျော်၏ စာရင်းကို အထူးဒေသ(၄)မှ ပေးပို့ထားသည့် အနက် မေလ (၁)ရက်နေ့အထိ ပြည်တော်ပြန် (၈၄၃)ဦး လွှဲထားပြီးဖြစ်ကြောင်း သိရသည်။

သူတို့က ဝန်ကြီးချုပ်ကို (၃,၆၀၇) ဦးလို့ တင်ပြထားပေမဲ့ ကျွန်တော်တို့ စာရင်းတောင်းလိုက်တဲ့ အခါမှာ (၂,၀၀၀) ကျော်ပဲ သူတို့ ပေးနိုင်ပါသေးတယ်။ ဒါထဲကမှ Quarantine ဝင်တဲ့ ရက်အလိုက်ရော၊ ပိုးရှိ မရှိကို (၅) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိ ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ချက်အတိုင်း ပို့စစ်တဲ့အပေါ်  အခြေအနေ စောင့်ကြည့်ပြီး တစ်ကြိမ် တစ်ကြိမ်လွှတ်ရင် (၄၀၀)ကနေ (၆၀၀)ကြားမှာ သူတို့ ဆက်လွှဲပေးနေမယ်လို့ သိရတယ်

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုးဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ - ၄ မိုင်းလားဘက်တွင် တရုတ်နိုင်ငံဘက်မှ ပြန်ဝင်လာသူများအား Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ထားရှိပြီးနောက် နေရပ်ပြန်နိုင်ရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ (၄)တွင် Quarantine (၂၁)ရက် ပြည့်ပြီးသူများကို ကျိုင်းတုံသို့ တစ်ဆင့်လွှဲပေးနေရာ ဧပြီလ (၂၈)ရက်နေ့က (၂၇၇)ဦးနှင့် မေလ (၁)ရက်နေ့က (၅၆၆)ဦး လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်သူများ မိမိတို့ဒေသအရောက် ပြန်နိုင်ရေးအတွက် မော်တော်ယာဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာဒေသတာဝန်ရှိသူများက ချိတ်ဆက်စီစဉ်ပေးကြခြင်းဖြစ်သည်။

 Tachileik News Agency
 ဓါတ်ပုံ - Mongla News


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~