အထူးဒေသ(၄)သို့ ကုန်စည်ပို့ဆောင်ခွင့် ရရေးအတွက် မိုင်းယု - ကျိန်းယဲန်း တံတားအောက်ကနေ သွားနေရပြီး ဒေသရှိ စစ်ဘက်နှင့် ဌာနဆိုင်ရာများကို တရားမဝင် ငွေကြေးပေးနေရ

အထူးဒေသ(၄)သို့ ကုန်စည်ပို့ဆောင်ခွင့် ရရေးအတွက် မိုင်းယု - ကျိန်းယဲန်း တံတားအောက်ကနေ သွားနေရပြီး ဒေသရှိ စစ်ဘက်နှင့် ဌာနဆိုင်ရာများကို တရားမဝင် ငွေကြေးပေးနေရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်ခရိုင်အတွင်း မိုင်းယုမြို့တွင် (၃)နှစ်ကျော် ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း တံတားမှ တစ်ဖက်အထူးဒေသ(၄) သို့ ကုန်စည်ပို့ဆောင်ရေးအတွက် ဒေသတွင်း စစ်ဘက် နှင့် ဌာနဆိုင်ရာများက တံတားအောက်ကနေ တရားမဝင်နည်းလမ်းဖြင့် သွားလာခွင့်ပြုထားပြီး ငွေကြေးတောင်းခံနေကြ၍  ကုန်သည်နှင့်ဒေသခံများက တံတားအား အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် စစ်ကောင်စီတာဝန်ရှိသူများအား တင်ပြထားသော်လည်း အခြေအနေမထူးကြောင်း သိရသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်ခရိုင်အတွင်း မိုင်းယုမြို့တွင် (၃)နှစ်ကျော် ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း တံတားကို တစ်ဖက်အထူးဒေသ(၄) သို့ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုခွင့်မရဘဲ ဒေသတွင်း စစ်ဘက် နှင့် ဌာနဆိုင်ရာများက တံတားအောက်ကနေသာ တရားမဝင်နည်းလမ်းဖြင့် သွားလာခွင့်ပြုထားပြီး ငွေကြေးတောင်းခံနေကြ၍  ကုန်သည်နှင့်ဒေသခံများက တံတားအား အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် စစ်ကောင်စီတာဝန်ရှိသူများအား တင်ပြထားသော်လည်း အခြေအနေမထူးကြောင်း သိရသည်။

"ဝန်ကြီးချုပ်ဦးအောင်ဇော်အေးလာတော့ ဒေသခံတွေက တံတားဖွင့်ဖို့ တင်ပြကြတယ်။ အခြေနေ ဘာမှမသိရသေးဘူး။ အဲဒီတော့ ဒေသခံတွေနဲ့ ကုန်သည်တွေက စစ်တပ်နဲ့ရဲကို တောင်းသလောက် ငွေပေးပြီး   ကုန်ပစ္စည်းကို ခိုးပို့နေရတယ်။ "ဟု အမည်မဖော်ဝံ့သည့် ကုန်သည်တစ်ဦးက ဆိုသည်။

 မိုင်းယု - ကျိန်းယဲန်း တံတားအား အထူးဒေသ(၄)(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသအုပ်ချုပ်ရေးရုံး၏ ၂၀၂၀ ခုနှစ် မတ်လ( ၂၄)ရက်နေ့  နံနက်ပိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များ အရ COVID-19  ကာကွယ်နိုင်ရန်အတွက် ပိတ်လိုက်ရာမှ ယနေ့အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသော်လည်း ကုန်စည်နှင့် လူကူးသန်းသွားလာမှုများ ဆက်လက်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

"မိုင်းယောင်းမြို့ထဲကနေ တရားမဝင် ကုန်စည်တွေကို အထူးဒေသ(၄)ထဲ ပို့ဆောင်နေပါတယ်။ အဲဒီလို ပို့​ဆောင်​နေမှုဟာ မိုင်းယု - ကျိန်းယဲန်း တံတားပိတ်ထားတာ​ကြောင့် ​တရားဝင် တံတားကြီးရဲ့ ​အောက်ဘက်က​နေ ​​စက်​လှေဇက်နှင့် တရားမဝင်  ​ဖောင်တံတား​တွေ ထိုးပြီး ကူး​နေကြပါတယ်။ အခုလို ကူးလူးသွား​လာနေမှုကို နယ်ခြား​စောင့်တပ်၊ တံတားတာဝန်ကျ စစ်တပ်၊ မိုင်းယုရဲစခန်း၊ မိုင်းယု​ထွေအုပ် တို့က ဖြတ်သန်းခ အမျိုးမျိုးကောက်စားကြတယ်။ ဥပမာ ဖရုံကား တစ်စီးဆိုရင် ကျပ် (၁၈၀,၀၀၀) ​တရားမဝင် ကောက်ခံ​နေတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့တွင် ပြောသည်။

 

ပိတ်ထားသည့် မိုင်းယု - ကျိန်းယဲန်း  တံတားအောက်မှနေ၍  ကုန်စည်ပို့ဆောင်မှုများနှင့် လူဖြတ်သန်းမှုအတွက် မိုင်းယုတပ်နယ်၊ မိုင်းယုမြို့ရဲတပ်ဖွဲ့၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ နှင့် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်တို့ ပါဝင်သည့် စုပေါင်းအဖွဲ့ထံ ငွေပေး၍ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

"အဲ့ဒီ ​ဖောင်ဆိပ်က​နေ သစ်၊ နွား၊ ရာဘာ၊ ဖရုံ၊ လိုင်စင်မဲ့ကား၊ တရုတ်လူမျိုးများ ဖြတ်သန်း​နေပါတယ်။ တစ်​​နေ့ကို ကား​အစီးပေါင်း အနည်းဆုံး (၅၀)ဖြတ်သန်း​နေပါတယ်။ တရားမဝင် ပိုက်ဆံ​ကောက်ပြီး ဖြတ်​နေတာ။ ပိုက်ဆံ တော်တော်ကောက်ကြတယ်။ အခုလို တရားမဝင်လုပ်ပြီး ငွေအတောင်းကြမ်းနေတာမို့ အရေးယူစေချင်ပါတယ်"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မိုင်းယု - ကျိန်းယဲန်းမှတစ်ဆင့် အထူးဒေသ (၄)ဘက်သို့ ကုန်စည်ပို့ဆောင်ရန် မိုင်းယုဘက်မှ စစ်ဘက်နှင့် အရပ်ဘက်ဌာနများအား ပိုက်ဆံပေးရသည့်အပြင် အထူးဒေသ (၄)ဘက်တွင်လည်း ကုန်ကားများအား ယာဉ်မောင်းလဲ၍ မောင်းနှင်ခြင်း၊ ကုန်ကားများအား ပိုးသတ်ခြင်းစသည်တို့ လုပ်ဆောင်သည့်အတွက် အထူးဒေသ (၄)ဘက်ကို ငွေကြေးပေးရသည်များရှိသည့်အတွက် ကုန်သည်များအဖို့ အရှုံးပေါ်သည်များလည်းရှိသည်ဟု သိရသည်။

အဆိုပါ တံတားပိတ်ထားသော်လည်း တရုတ်နယ်စပ်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများရှိနေဆဲဖြစ်ပြီး တရုတ်ဘက်မှ မြန်မာပစ္စည်းအဝင်ကို ကန့်သတ်ချက်များစွာရှိသော်လည်း တရုတ်ဘက်မှ ပစ္စည်းအဝင်မှာ ပို၍လွယ်ကူကာ ကန့်သတ်ချက်မရှိကြောင်း သိရသည်။