ကျိုင်းတုံမြို့နယ်တွင်းမှ အောက်ဆီဂျင်ပြန်ဖြည့်ရန် အခက်အခဲရှိနေသူများ ကျိုင်းတုံခရိုင်ထွေအုပ်ရုံးသို့ နေ့စဉ် နံနက်(၉)နာရီအချိန်များတွင် အိုးအလွတ်များ လာပို့ပါက တာချီလိတ်သို့ ဆက်လက်ပို့ဆောင် ဖြည့်ပေးသွားမည်

ကျိုင်းတုံမြို့နယ်တွင်းမှ အောက်ဆီဂျင်ပြန်ဖြည့်ရန် အခက်အခဲရှိနေသူများ ကျိုင်းတုံခရိုင်ထွေအုပ်ရုံးသို့ နေ့စဉ် နံနက်(၉)နာရီအချိန်များတွင် အိုးအလွတ်များ လာပို့ပါက တာချီလိတ်သို့ ဆက်လက်ပို့ဆောင် ဖြည့်ပေးသွားမည်
စက်တင်ဘာ 1, 2021 | Covid-19| ရှမ်းရှေ့

ကျိုင်းတုံမြို့နယ်အတွင်း အောက်ဆီဂျင်အိုးလက်ဝယ်တွင်ရှိနေပြီး အောက်ဆီဂျင်ဖြည့်ရန် အခက်အခဲရှိနေသူများအနေဖြင့် ကျိုင်းတုံခရိုင်ကိုဗစ် ကော်မတီမှ တာချီလိတ်မြို့ရှိ စံလင်းဖြိုးကုမ္ပဏီ​၏ အာယုဒါန အောက်ဆီဂျင်စက်ရုံ ပို့ဆောင်ကာ အခမဲ့ ဖြည့်ပေးသွားမည်ဖြစ်သည့်အတွက် အိုးခွံများကို ခရိုင်ထွေအုပ်ရုံးတွင် လာရောက်ပို့ဆောင်နိုင်ကြောင်း ဩဂုတ်လ(၃၁)ရက်နေ့က အသိပေးထားသည်။

ကျိုင်းတုံမြို့နယ်အတွင်း  အောက်ဆီဂျင်ဖြည့်ရန် အခက်အခဲရှိနေသူများအနေဖြင့် အိုးအလွတ်များကို ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးတွင် နေ့စဉ် နံနက်(၉)နာရီအချိန်တွင် လာရောက်ပို့ဆောင်ပေးပါက ကော်မတီက တာချီလိတ်မြို့ရှိ စံလင်းဖြိုးကုမ္ပဏီ၏ အာယုဒါနအောက်ဆီဂျင်စက်ရုံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ကျိုင်းတုံ နှင့် တာချီလိတ်အကြား ကုန်ကျမည် သယ်ယူပို့ဆောင်ခကို ရှမ်းအရှေ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ကျခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်းမှ အောက်ဆီဂျင်ဖြည့်လိုသူများအနေဖြင့် မိမိတို့၏ အိုးအလွတ်များပေါ်တွင် အသင်းအဖွဲ့ဖြစ်ပါက အသင်းအဖွဲ့အမည်၊ တစ်ဦးချင်းဖြစ်ပါက အမည် နှင့် ရပ်ကွက်လိပ်စာများကို ရေးထိုးထားရန်လိုအပ်မည့်အပြင် အိုးခွံကိုလည်း Covid-19 ရောဂါကာကွယ်ရေးသုံး ဆပ်ပြာရည် သို့မဟုတ် ပိုးသတ်ဆေးရည်များဖြင့် ဆေးကြောပြီးမှသာ လာရောက်ပို့ဆောင်ပေးစေလိုကြောင်းလည်း အသိပေးထားသည်။ 

အောက်ဆီဂျင်အိုးအလွတ်များကို နေ့စဉ် နံနက်(၉)နာရီတွင် လာရောက်ပို့ဆောင်ရမည်ဖြစ်ပြီး စောလျင်စွာ ပို့ဆောင်ရောက်ရှိလာသည့် အိုးများကို သတ်မှတ်အရေအတွက်အလိုက် စောလျင်စွာ ဆက်လက်ပေးပို့ ဖြည့်သွင်းသွားမည်ဖြစ်ပြီး  ဖြည့်ပြီးသည့် အိုးများ ရောက်ရှိလာပါက အကြောင်းကြားပေးသွားမည်ဟု သိရသည်။ 

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၊ ရီဂျီးနားဟိုတယ်အနီး စံလင်းဖြိုးအိမ်ရာရှိ စံလင်းဖြိုးကုမ္ပဏီ၏ အာယုဒါနအောက်ဆီဂျင်စက်ရုံက တာချီလိတ်မြို့တွင်သာမက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတခုလုံးအတွက် အောက်ဆီဂျင်များကို အခမဲ့ လှူဒါန်ပေးခြင်းအဖြစ် ၂၀၂၁ခုနှစ် ဩဂုတ်လ၏ နောက်ဆုံးပတ်တွင်းက စတင်နေပြီး အသင်းအဖွဲ့ကဖြစ်စေ တစ်ဦးချင်စီက ဖြစ်စေ မည်သူမဆို လာရောက်ဖြည့်သွင်းပါ ငွေကြေးလုံးဝ ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။ 

စံလင်းဖြိုးကုမ္ပဏီ​၏ အာယုဒါန အောက်ဆီဂျင်စက်ရုံမှ ၂၀၂၁ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ တစ်နေ့တာအနေဖြင့် တာချီလိတ်ခရိုင်ဆေးရုံကြီးအတွက် အောက်ဆီဂျင်အိုး အလုံး (၁၀၀)၊ ကျိုင်းတုံဆေးရုံကြီးအတွက် အလုံး (၆၀)၊ လူမှုရေးအသင်းအဖွဲ့များအတွက် (၇၉)လုံး၊ ပြင်ပအရေးပေါ်လူနာများအတွက် အလုံး (၂၀) စုစုပေါင်း (၂၅၉)လုံးကို အခမဲ့ဖြည့်သွင်းပေးလည်း သိရသည်။