မိုင်းဆတ်မြို့တွင် ပြီးခဲ့သည့်နှစ်က လူငယ်တစ်ဦးသေဆုံးသည့် အုပ်စုဖွဲ့ရိုက်နှက်မှုမှ တိမ်းရှောင်နေသူနှစ်ဦးကို ရဲက ငွေကြေးရယူ၍ လွှတ်ပေးထားကြောင်း သတင်းများ ထွက်နေ

သေဆုံးသွားသည့်  စိုင်းလောဝ်ခေး (အိုက်စိုင်းအွမ်)
သေဆုံးသွားသည့် စိုင်းလောဝ်ခေး (အိုက်စိုင်းအွမ်)
မိုင်းဆတ်မြို့တွင် ပြီးခဲ့သည့်နှစ်က လူငယ်တစ်ဦးသေဆုံးသည့် အုပ်စုဖွဲ့ရိုက်နှက်မှုမှ တိမ်းရှောင်နေသူနှစ်ဦးကို ရဲက ငွေကြေးရယူ၍ လွှတ်ပေးထားကြောင်း သတင်းများ ထွက်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ပြီးခဲ့သည့်နှစ်က လူငယ်တစ်ဦးသေဆုံးရသည့် အုပ်စုဖွဲ့ရိုက်နှက်မှုမှ တိမ်းရှောင်နေသည့် လူငယ် (၂)ဦးမှာ တစ်နှစ်အကြာတွင် နေရပ်ပြန်ရောက်လာ၍ မိသားစုက ရဲကိုအကြောင်းကြားသော်လည်း ဖမ်းဆီးခြင်း မရှိသည့်အပြင် ရဲထံအကြောင်းကြားသူကိုပါ ခြိမ်းခြောက်ထားကြောင်း သိရသည်။

မနှစ်က မိုင်းဆတ်ရဲစခန်းမှာ တိုင်ထားတဲ့ လူသတ်မှုက တရားခံပြေး (၂) ဦးကို မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးက တပ်ကြပ်ကြီး ကတစ်ဆင့် တစ်ဦးကို ဘတ် (၃) သိန်းယူပြီး မဖမ်းဘဲ လွှတ်ထားတယ်။ သူတို့က တကယ်သတ်တဲ့နှစ်ယောက်လို့ သံသယရှိတဲ့သူတွေ။ အဲဒီတုန်းက ဖမ်းဆီးချုပ်ထားချိန် ထွက်ပြေးသွားကြတာ။ တစ်ယောက်က မိုင်းဆတ် ၁၆ မိုင်နဲ့ တစ်ယောက်က ပူနားကိုမှာ။ သူတို့ကိုတွေ့လို့ သေဆုံးသွားတဲ့ကလေးရဲ့ မိသားစုက သတင်းသွားပေးတာကို မဖမ်းဘဲ နောက်တစ်ခါ ထပ်မတိုင်ဖို့ ခြိမ်းခြောက်တယ်လို့ပြောတယ်

ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းကဲ့သို့ ငွေကြေးရယူသည်ဆိုခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း ခရိုင်ရဲတပ်ဖွဲ့အား Tachileik News Agency အနေဖြင့် သီးခြားဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။

ရဲတပ်ကြပ်ကြီး ဝင်းထိန်က တစ်ဆင့်ညှိပေးတယ်လို့တော့ကြားတယ်

ဟု မိုင်းဆတ်ဒေသခံတစ်ဦးက ဆိုသည်။

မိုင်းဆတ်မြို့တွင် ဂိုဏ်းပုံစံဖွဲ့ထားသည့် White Star အဖွဲ့က ၂၀၂၁ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် အုပ်စုဖွဲ့ရိုက်နှက်၍ လူငယ် (၁) ဦးသေ၊ တစ်ဦးဒဏ်ရာရသွားသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားခဲ့ရာ အဓိကတရားခံဟု ယူဆရသည့် လူငယ် (၂) ဦးမှာ လွတ်မြောက်နေခဲ့ပြီး တစ်နှစ်ဝန်းကျင်အကြာတွင် နေရပ်ပြန်လာကြသော်လည်း ဖမ်းဆီးစစ်ဆေးခံရခြင်းမရှိ‌ကြောင်း သိရသည်။

 

အဆိုပါ White Star အဖွဲ့သည် လူအင်အား (၂၀) ဝန်းကျင်ဖြင့် ဇွန်လ (၆) ရက်နေ့ ည (၈)နာရီကျော်ဝန်းကျင်၌ မိုင်းဆတ်မြို့ ဝိန်းဝိုင်ရပ်ကွက်အတွင်း လူငယ် (၂) ဦးအား အုပ်စုဖွဲ့ရိုက်နှက်ကြသဖြင့် လူငယ်တစ်ဦး၏ ဖခင်က ရဲကိုအကူအညီတောင်းရာ လာရောက်တားဆီးသည့် ရဲတစ်ဦး၏ ခေါင်းကိုပါ အရိုက်ခံခဲ့ရခြင်းဖြစ်သည်။

အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် စိုင်းလောဝ်ခေး (အိုက်စိုင်းအွမ်)မှာ သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် စိုင်းလောဝ်ခေး (အိုက်စိုင်းအွမ်)သည် တစ်ဦးတည်းသော သားဖြစ်သည်ဟု သိရသည်။

ယင်းသို့ အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ဇွန်လ (၇) ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင်လည်း White Star အဖွဲ့က ၎င်းတို့ကားကို ဆိုင်ကယ်ဖြင့် ကျော်တက်သွား၍ဟုဆိုကာ ဝိန်းဝိုင်ရပ်ကွက် လားဟူရိုးရာခန်းမရှေ့အရောက်တွင် ကျော်တက်သွားသည့် ဆိုင်ကယ်သမားကို သေနတ်ပစ်ဖေါက်ခြိမ်းခြောက်မှုလည်း လုပ်ခဲ့ခြင်းဖြစ်သည်။

လူသေဆုံးမှုဖြစ်သည့် အုပ်စုဖွဲ့ရိုက်နှက်မှုနှင့်ပတ်သက်၍ White Star အဖွဲ့မှ (၁)ဦးကိုသာ ရဲက ဖမ်းဆီးခဲ့သော်လည်း ကျန်အဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြခြင်းဖြစ်သည်။  

လူသတ်မှုဖြင့် ဖမ်းဆီးမှုမခံရခင်က မိုင်းဆတ်တွင် အဆိုပါလူငယ်အဖွဲ့က အဖြူရောင်စာသားဖြင့် White Star စာတန်းရေးထိုးထားသည့် အနက်ရောင်အင်္ကျီများကို ဝတ်ဆင်ကာ အိတ်ဇောဖြုတ်ထားသည့် ဆိုင်ကယ်များကို အုပ်စုလိုက် မောင်းနှင်လေ့ရှိကြသည်ဟု ဒေသခံများထံမှ သိရသည်။