ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စုမှ အမွှာညီအကိုအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက နေအိမ်တွင်း ဝင်ရောက် ဖမ်းဆီး

ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စုမှ အမွှာညီအကိုအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက နေအိမ်တွင်း ဝင်ရောက် ဖမ်းဆီး
မေ 19, 2021 | ကယား

ဒီကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်း၌နေထိုင်သည့်  အမွှာညီအစ်ကိုနှစ်ဦး၏နေအိမ်ကို ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့ရောက်လာပြီး မိသားစုများအား သေနတ်ဖြင့်ချိန်ကာ အမွှာညီအစ်ကိုအား ဖမ်းခေါ်သွားကြောင်း သိရသည်။

" ငွေတောင် ဆည်မြောင်းက သူတို့အိမ်ထဲ ဝင်ဖမ်းတာ။ ဘာကြောင့် ဆိုတာမပြောဘူး။ အိမ်သားတွေကိုလည်း သေနတ်နဲ့ ဝိုင်းချိန်ထားတယ်။ ခုပြောနေကြတာက ဒလံရဲ့ သတင်းပေးမှုကြောင့်လို့ပြောတယ်။ ဒလံတွေ ကို သတိပေးတဲ့ စာဖြန့်တာ သူတို့ဆိုပြီး စွပ်စွဲနေကြတာ ရှိတယ်။ ခုက အမွှာညီအကို ပါသွားတယ်။ နှစ်ယောက်လုံး လူငယ်တွေပဲ ။ တပ်မ (၅၅) နဲ့ ရဲတွေ လာဖမ်းသွားတယ်။ လမ်းပေါ်က အတားဆီးတွေလည်း အကုန်ဖြိုသွားတယ်။ " ဟု မျက်မြင်တွေ့ရှိသူ ငွေတောင် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့အတည်ပြုပြောသည်။

ကိုကျော်ဇောဟိန်းနှင့် ကိုကျော်ဇောသိန်းတို့ အမွှာညီကို နှစ်ဦးအား လာဖမ်းသည့်အဖွဲ့တွင် တပ်မ (၅၅) တံဆိပ်ပါ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအပြင် အရပ်ဝတ်များလည်း ပါဝင်ပြီး အင်အား ရာဂဏန်းရှိသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ အဖွဲ့သည် ရွာတွင်းပြည်သူ့လုံခြုံရေးအတားအဆီးများကို ဖြိုဖျက်သွားသည့်အပြင် အနီးနားရှိ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေသွားသည်ဟု သိရသည်။