တာချီလိတ် USDP ရုံးအတွင်း အသံဗုံးတွေ့ရှိမှုနှင့်ဆက်စပ်သည်ဟုဆိုကာ လူငယ်(၂)ဦးကို ဖမ်းဆီးထား

တာချီလိတ် USDP ရုံးအတွင်း အသံဗုံးတွေ့ရှိမှုနှင့်ဆက်စပ်သည်ဟုဆိုကာ လူငယ်(၂)ဦးကို ဖမ်းဆီးထား
မေ 18, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့ ညနေပိုင်းက USDP ရုံးအတွင်း မပေါက်ကွဲသေးသည့် အသံဗုံးတစ်ခုတွေ့ရှိမှုနှင့်ဆက်စပ်သည်ဟုဆိုကာ အဆိုပါရုံးအနီးရှိ ဆိုင်တစ်ဆိုင်မှ မောင်နှမ (၂) ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

USDP ရုံးတွင် မပေါက်ကွဲသေးသည့် အသံဗုံးတစ်လုံးတွေ့ရသည်ဟု မေလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းများထွက်လာပြီးနောက်  "တာချီလိတ် ပြည်ခိုင်ဖြိုးရုံးအနီးတွင် ည ၉ နာရီအချိန်က ပေါက်ကွဲသံကြားရသည်"ဟု ရေးသားထားသည့် facebook account ကို screen shot ရိုက်ထားသည့် ပုံတစ်ပုံကို Facebook Page တခုက ဖြန့်ဝေလာသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် အဆိုပါ screen shot မှ facebook account ပိုင်ရှင် မိန်းကလေးဖြစ်သည့် မနှင်းယုဝေနှင့်  ကိုမိုးမြင့်ထွန်း(ခ)ရာဂျူးတို့ ဖမ်းခံထားရသည်ဟု သိရသည်။ 

USDP ရုံးအတွင်း မပေါက်ကွဲသေးသည့် အသံဗုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူ နှစ်ဦးထက်ပိုသည်ဟု ဒေသခံအချို့ထံမှ သိရသော်လည်း သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုလည်း စုံစမ်းနေဆဲဖြစ်ပါသည်။