တာချီလိတ်မြို့မှ အနံ့ပျောက် COVID 19 အတည်ပြုလူနာ အမျိုးသမီးနှင့် ထိတွေ့သူ (၇)ဦးကို လတ်တလောတွေ့ထားပြီး တာချီလိတ်နှင့် ကျိုင်းတုံ၌ ထိတွေ့မှုရှိသူများကို ဆက်လက်စုံစမ်းနေဆဲ

တာချီလိတ်မြို့မှ အနံ့ပျောက် COVID 19 အတည်ပြုလူနာ အမျိုးသမီးနှင့် ထိတွေ့သူ (၇)ဦးကို လတ်တလောတွေ့ထားပြီး တာချီလိတ်နှင့် ကျိုင်းတုံ၌ ထိတွေ့မှုရှိသူများကို ဆက်လက်စုံစမ်းနေဆဲ
နိုဝင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ အနံ့ပျောက် COVID 19 အတည်ပြုလူနာ အမျိုးသမီးနှင့် ထိတွေ့သူ (၇)ဦးကို လတ်တလောတွေ့ထားပြီး တာချီလိတ်နှင့် ကျိုင်းတုံ၌ ထိတွေ့မှုရှိသူများကို ဆက်လက်စုံစမ်းနေဆဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ အမျိုးသမီးနှင့် ထိတွေ့မှုရှိသူများကို စုံစမ်းနေရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ ညပိုင်းအထိ (၇)ဦးတွေ့ရှိထားပြီး တာချီလိတ်နှင့် ကျိုင်းတုံမြို့မှ ထိတွေ့မှုရှိသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အခု လတ်တလော contact (ထိတွေ့မှုရှိသူ) ကတော့ သူနဲ့ကျိုင်းတုံအတူသွားခဲ့တဲ့ သူငယ်ချင်းတွေကို လောလောဆယ် facility quarantine ထားထားတယ်။ သူအလုပ်လုပ်တဲ့နေရာက ထိတွေ့သူတွေ၊ တခြားထိတွေ့မှုရှိသူတွေကိုတော့ လိုက်နေရတုန်းပေါ့။ ကျိုင်းတုံသွားခဲ့တယ်ဆိုတော့ ကျိုင်းတုံက contact ကိုလည်း လိုက်နေတုန်းပဲ”

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၅)ရက်နေ့ ည (၇) နာရီကျော်တွင် ပြောသည်။
လတ်တလောတွင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် တာချီလိတ်မြို့မှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၇) ဦးကို facility quarantine ထားရှိကာ (၃) ရက်မြောက်နေ့၌ RDT စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ထိတွေ့သူများကို ဆက်လက်ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။
“တာချီလိတ်က သူနဲ့ထိတွေ့ စုစုပေါင်း (၇)ဦးကို quarantine ထားတယ်လို့ သိရတယ်။ နောက်သူက ကျိုင်းတုံမှာ အာမခံရုံးရှေ့ ရပ်ကွက်ကအိမ်မှာ တစ်ညအိပ်သွားတယ် ပြောတယ်။ အဲဒီကို မြို့နယ်အုပ်ချုပ်ရေးမှူးဘက်ကို တင်ပြထားတော့ သူတို့အဲဒီကို အခုသွားနေပြီ။ သူတစ်ညအိပ်သွားတယ်ဆိုရင် အိမ်ကို lock down လုပ်တာမျိုး လုပ်မှာပါ”
ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၈)နာရီဝန်းကျင်တွင် ပြောသည်။
ပုန်းထွန်ရပ်ကွက်တွင်နေထိုင်သည့် အသက် (၂၀)ဝန်းကျင် အမျိုးသမီးသည်  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အနံ့ပျောက်သဖြင့် တာချီလိတ်ခရိုင်ဆေးရုံဟောင်းရှိ fever clinic သို့ လာရောက်ပြသ၍ RDT ဖြင့် စစ်ဆေးရာ COVID 19 positive ဖြစ်သည်ကို စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ အမျိုးသမီးမှာ 1 G 1 Hotel တွင်  အလုပ်လုပ်သူဖြစ်‌ကြောင်း သိရသော်လည်း လွန်ခဲ့သည့် (၁၀) ရက်ကျော်ကတည်းက အလုပ်ထွက်သွားသူဖြစ်ပြီး အဆိုပါအတည်ပြုလူနာနှင့်ပတ်သက်၍ ဟိုတယ်သို့ တာဝန်ရှိသူများက ဆက်သွယ်လာခြင်း မရှိသေးကြောင်းနှင့် လိုအပ်၍ ဆက်သွယ်လာပါက ကျန်းမာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု ဟိုတယ်တာဝန်ရှိသူတစ်ဦးက ည (၉)နာရီခွဲအချိန်တွင် အတည်ပြုပြောကြားသည်။
တာချီလိတ်တွင် နိုဝင်ဘာလ (၂၅) ရက်နေ့ ညပိုင်းအထိ လမ်းလုပ်သား အတည်ပြုလူနာ (၂)ဦး နှင့် ယနေ့တွေ့ရှိသည့် အမျိုးသမီးတစ်ဦးအပါအဝင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၃) ဦးအထိရှိနေသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~