တာလေမြို့သို့ တာချီလိတ်ဘက်မှ ဝင်လာသူအားလုံး ထောက်ခံစာလိုအပ်မည်ဖြစ်ပြီး တာလေသို့ နေရပ်ပြန်လာသူများအား quarantine ထားမည်

တာလေမြို့သို့ တာချီလိတ်ဘက်မှ ဝင်လာသူအားလုံး ထောက်ခံစာလိုအပ်မည်ဖြစ်ပြီး တာလေသို့ နေရပ်ပြန်လာသူများအား quarantine ထားမည်
ဒီဇင်ဘာ 1, 2020
By Tachileik News Agency

 

တာလေမြို့သို့ တာချီလိတ်ဘက်မှ ဝင်လာသူအားလုံး ထောက်ခံစာလိုအပ်မည်ဖြစ်ပြီး တာလေသို့ နေရပ်ပြန်လာသူများအား quarantine ထားမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့သို့ တာချီလိတ်ဘက်မှ ဝင်ရောက်လာသူအားလုံးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှစ၍ ရပ်ကျေးထောက်ခံစာပါမှ ဝင်ခွင့်ပြုမည်ဖြစ်ပြီး နေရပ်ပြန်လာသူများအားလုံး အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
"အခုက တာချီလိတ်မှာ positive ထပ်တိုးတွေ့နေချိန်မှာ ဟိုတယ်တွေမှာ အလုပ်လုပ်ပြီး တာလေကို ခိုးပြန်လာနေတဲ့သူတွေရှိနေလို့ပါ။ သူတို့က ညပိုင်းမှ ပြန်လာကြတယ်။ quarantine ဝင်ရမှာစိုးတော့ သတင်းမပေးကြဘူး။ ကျွန်တော်တို့ ဒေသလည်း တာချီလိတ်လိုဖြစ်မှာစိုးလို့ quarantine စနစ်တကျထားပြီး ကာကွယ်နိုင်အောင် လုပ်ရတာပါ။ အလည်အပတ်လာချင်တဲ့သူတွေအနေနဲ့ကတော့ နိုင်ငံတော်အဆင့်ကကို တတ်နိုင်သမျှ အပြင်မထွက်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်"ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့တွင် COVID 19 ကာကွယ်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၌ အစည်းအဝေးညှိနှိုင်းသဘောတူညီချက်အရ တာလေမြို့ရှိ ပါလိုင်ဈေး၊ တပ်နယ်‌ဈေးများသို့ တာချီလိတ်အပါအဝင် အခြားဒေသများမှ နေ့စဉ်လာရောက် ရောင်းချနေသည့် ပျံကျဈေးသည်များကို ဒီဇင်ဘာတစ်လလုံး ရောင်းချခွင့်မပြုတော့ကြောင်း သိရသည်။
တာလေမြို့သို့ တာချီလိတ်ဘက်မှအဝင်ဖြစ်သည့် တောင်သုံးလုံးကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခုတိုးချဲ့ဖွင့်လှစ်ပြီး တာချီလိတ်ဘက်မှ လာသူများအား ထောက်ခံစာစစ်ဆေးရန်၊ တာလေမြို့မှ ဌာနဆိုင်ရာများ၊ ဒေသခံများအနေဖြင့် အရေးပေါ်(အရေးကြီးကိစ္စမှတပါး) ခရီးသွားလာခြင်းမပြုရန်၊ တာချီလိတ်တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူများအားလုံး Quarantine ထားရှိရန်၊ အခြေခံစားသုံးကုန်များသယ်‌ဆောင်မည့် ယာဉ်များသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တာလေမြို့၌ အခြားဒေသမှ ပြန်လာပြီး အသွားအလာကန့်သတ်နေထိုင်ခြင်းမရှိသူများအား မိမိအနီးဝန်းကျင်တွင် တွေ့ရှိပါက မြို့အုပ်ချုပ်ရေးမှူး၏ဖုန်း 09428221574 သို့ ဆက်သွယ်သတင်းပေးပို့ကြရန် ထုတ်ပြန်ထားသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၃၀) ရက်နေ့က အတည်ပြုလူနာသစ် (၁၂)ဦး ထပ်တိုးပြီး ဒီဇင်ဘာလ (၁)ရက်နေ့တွင် အတည်ပြုလူနာသစ် (၁၅)ဦးထပ်တိုးသဖြင့် အတည်ပြုလူနာသစ် စုစုပေါင်း (၄၉)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~