တာချီလိတ်နယ်အတွင်း မဲခေါင်မြစ်ပေါ် သင်္ဘောဖြင့် ထိုင်းမှ ဆွတ်လွေသို့ ကားတရားဝင် ပို့ဆောင်နေမှုကို မြန်မာဘက်ဌာနများက မြစ်လယ်တွင် မကြာခဏတား၍ ငွေကြေးတောင်းခံမှုများရှိနေ

တာချီလိတ်နယ်အတွင်း မဲခေါင်မြစ်ပေါ် သင်္ဘောဖြင့် ထိုင်းမှ ဆွတ်လွေသို့ ကားတရားဝင် ပို့ဆောင်နေမှုကို မြန်မာဘက်ဌာနများက မြစ်လယ်တွင် မကြာခဏတား၍ ငွေကြေးတောင်းခံမှုများရှိနေ
မေ 16, 2021 | ရှမ်းရှေ့

မြန်မာ - လာအို - ထိုင်း ရွှေတြိဂံဒေသ မြန်မာဘက်  တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ရေကြောင်းရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာဌာနများက ကုန်တင် သင်္ဘောများအား မြစ်လယ်တွင် တား၍ တရားမဝင် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ချင်းဆဲန်ကနေပြီးတော့မှ ဆွတ်လွေကိုသွားတာ။ သွားတဲ့ သင်္ဘောတစ်စီးမှာ ကား(၁၅)စီးပါတယ်၊ အဲ့ဒီ သင်္ဘောတစ်စီးကို ဆွတ်လွေအရောက်ကို တစ်စီးကို ဘတ်(၅,၀၀၀)သယ်ခယူတယ်။ အဲ့ဒါကို  ရေကြောင်းရဲ နဲ့အဖွဲ့က မြစ်အလယ်မှာ တားပြီး ကားတစ်စီးချင်းစီစာအတွက် ဘတ်(၂,၀၀၀)တောင်းတယ်၊ (၁၅)စီးပါတော့ ဘတ်(၃၀,၀၀၀)ပေးရတယ်။

ဟု ၂၀၂၁ခုနှစ် မေလအတွင်း၌ မကြာခဏ ပေးဆောင်ခဲ့ရသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ဘောများ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တရားဝင် ကမ်းကပ်ပါက တန်(၁၀၀)အောက်ရှိသည့် သင်္ဘောတစ်စီးလျှင် ဒေါ်လာ (၄၀)၊ တန်(၁၀၀)အထက်ရှိသည့် သင်္ဘာတစ်စီးလျှင် ဒေါ်လာ(၅၀)သတ်မှတ်ကောက်ခံခြင်းဖြစ်သော်လည်း မြန်မာဘက်သို့ ကမ်းမကပ်ဘဲ အထူးဒေသ (၄)ရှိ ဆွတ်လေဆိပ်ကမ်းသို့ တိုက်ရိုက်သွားသည့် သင်္ဘောများကို မြစ်လယ်တွင် ပင်လယ်ဓါးပြသဖွယ် တား၍ တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

အခုလို ဖြစ်နေတာ (၁)လနီးပါးရှိနေပြီ၊ ဆိပ်ကမ်းက လူတွေက ဆက်လုပ်နေဆဲပဲ။ ခုလိုကြုံရတဲ့ သင်္ဘောတွေက No.33, No.44, No.54တွေပါ၊ ပင်လယ်ဓါးပြလို မြစ်လယ်မှာ တားပြီးတိုက်နေတာ။ တောင်းတဲ့အတိုင်း ပေးပေးနေရတယ်

ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ကားများကို ကျင်းဆဲန်ဆိပ်ကမ်းမှတဆင့် သင်္ဘောဖြင့် တရားဝင်သယ်ဆောင်ပြီး အထူးဒေသ (၄)ရှိ ဆွတ်လေဆိပ်ကမ်းသို့ တိုက်ရိုက်သွားကြခြင်းဖြစ်ရာ ယင်းသို့ တရားမဝင် ငွေတောင်းမှုများ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ထိုင်းနှင့်တရုတ် လုပ်ငန်းရှင်များက မြန်မာ - ထိုင်း အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် တဆင့် တင်ပြမှုများ လုပ်ဆောင်သွားမည်ဟု ထိုင်းမီဒီယာများတွင်လည်း ဖော်ပြထားရှိသည်။ 

ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသည် ရှမ်းပြည်နယ်တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာတွင် တည်ရှိသည်။