တာချီလိတ်တွင် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော် စတင်

တာချီလိတ်တွင် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော် စတင်
နိုဝင်ဘာ 25, 2019
By Tachileik News Agency

၂၁၁၄ နှစ်မြောက် ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ ညပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ စစ်ဗျူဟာအခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

"(၂၅)ရက်နေ့မှာတော့ အဆောက်အဦးရန်ပုံငွေအတွက် ရောင်းချထားတဲ့ ကံစမ်းမဲတွေနဲ့ ပတ်သက်ပြီး မဲဖွင့်ပေးမယ်၊ (၂၆)ရက်နေ့ ညမှာတော့ နှစ်သစ်ကူးကြိုကြမှာပါ။ နေ့ပိုင်းတွေမှာ ဖျော်ဖြေမှု မရှိပေမဲ့ ညပိုင်းတွေမှာတော့ ဖျော်ဖြေတင်ဆက်မှုတွေ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ (၂၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် ရှမ်းတိုင်းရင်းသားအဆိုတော် (၂၄)ဦး၏ သီဆိုဖျော်ဖြေမှုများနှင့် ရှမ်းတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေမှုများရှိမည်ဖြစ်၍ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net