တာချီလိတ်မြို့ရှိ ချဲထီဒိုင်ချုပ်များအနက် ဒိုင်ချုပ်တစ်ဦးကို ဖမ်းဆီးပြီး သိမ်းဆည်းရငွေမှာ ကျပ်သိန်း(၄၂၀)နှင့် ဘတ်(၂၅,၀၀၀)သာ ရှိကြောင်း ရဲက ဖော်ပြ

တာချီလိတ်မြို့ရှိ ချဲထီဒိုင်ချုပ်များအနက် ဒိုင်ချုပ်တစ်ဦးကို ဖမ်းဆီးပြီး သိမ်းဆည်းရငွေမှာ ကျပ်သိန်း(၄၂၀)နှင့် ဘတ်(၂၅,၀၀၀)သာ ရှိကြောင်း ရဲက ဖော်ပြ

ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားလုပ်ငန်းအများအပြား လုပ်ကိုင်နေသည့်  တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ညပိုင်းက လောင်းကစား ချဲထီဒိုင်ချုပ်များထဲမှ တစ်ခုကို ဝင်ဖမ်းစဉ် သိမ်းဆည်းသွားသည့် ငွေပမာဏမှာ ကျပ်သိန်း (၄၂၀) နှင့် ဘတ်(၂၅၀၀၀)ဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားသော်လည်း အမှန်တကယ်သိမ်းဆည်းသွားသည့်ငွေပမာဏထက် များစွာကွာဟနေသည်ဟု သိရသည်။

ချဲဒိုင်ချုပ်က လျော်ကြေးငွေများထုတ်ပေးရန် စာရင်းများလုပ်နေစဉ် ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရဲကဖေါ်ပြသည့် သိမ်းဆည်းငွေပမာဏမှာ  မြန်မာငွေကျပ် သိန်း (၄၂၀)နှင့် ထိုင်းငွေ ဘတ် (၂၅,၀၀၀)ဟု ဖေါ်ပြထားသော်လည်း အမှန်တကယ်သိမ်းဆည်းသွားသည့် ငွေပမာဏမှာ ဘတ်သန်းနှင့်ချီ၍ရှိနိုင်သည်ဟု အတွင်းသတင်းများအရ သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ငုဝါလမ်းရှိ ချဲထီလောင်းကစားဒိုင်ချုပ်၏ နေအိမ်အား ၂၀၂၁ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ ည(၁၀)နာရီကျော်အချိန်က မြို့နယ်နှင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက  ဝင်ရောက်ဖမ်းဆီးပြီး ဒိုင်ချုပ်ဆိုသည့် ဦးစိုင်းခမ်း အပါအဝင် (၁၁)ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုအတွင်း  မြန်မာငွေကျပ် သိန်း (၄၂၀)၊ ထိုင်းငွေ ဘတ် (၂၅,၀၀၀)နှင့် ချဲထီလောင်းကစားအတွက် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းမိပြီး နေအိမ်တွင် ရပ်ထားသည့် ဆိုင်ကယ် (၅)စီး၊ Fortuner အမျိုးအစား အဖြူရောင်မော်တော်ယာဉ် (၁) စီးတို့ကိုပါ သိမ်းဆည်းရမိသည်ဟု ရဲတပ်ဖွဲ့ဘက်မှ သတင်းအရ သိရသည်။

ကျပ်ငွေ သိန်း(၄၂၀)ကတော့ ဟုတ်ရင် ဟုတ်လိမ့်မယ်။ ဘတ်ငွေ (၂၅,၀၀၀)ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တာချီလိတ်က လူတွေ အသိဆုံးပဲ။ ချဲထွက်တဲ့ ညနေကနေစပြီး ကိုယ်စားလှယ်တွေက ဒိုင်ချုပ်ဆီမှာ ငွေလာအပ်နေကြတာ။ တကယ်ဆို ဘတ်ငွေသန်းချီရှိတာပါ။ ဒိုင်ချုပ်အိမ်မှာ အနည်းဆုံး ဘတ်ငွေ တစ်သိန်းတောင် မပြည့်ဘူးဆိုတော့ ယုံဖို့ခက်ပါတယ်

ဟု ချဲ့ထီကိုယ်စားလှယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇူလိုင်လဆန်းတွင်ဖွင့်သည့် ချဲထီတွင် ပေါက်သူများသဖြင့် ချဲဒိုင်က လျော်ကြေးပေးသည့်အဆကို လျှော့ချလိုက်ရာ မကျေနပ်သူက တိုင်ကြားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်နေသည်ကို တွေ့ရသည်။

တာချီလိတ်မှာ ဒီတစ်ခေါက် ပေါက်တဲ့လူက အရမ်းများတယ်။ အရမ်းများတော့ ဒိုင်ဘက်က လျော်ငွေအဖြစ် သတ်မှတ်ထားတဲ့ ငွေနဲ့တောင် မလောက်လို့ သီးခြား စီစဉ်ရတယ်ဆိုတာလည်း ကြားတယ်။ တာချီလိတ်မှာ ဒိုင်ချုပ်တွေ အရမ်းများမလာခင်တုန်းကဆိုရင် နာမည်တော့ ထည့်မပြောတော့ပါဘူး။ ဒိုင်ချုပ်တစ်ခုဆိုရင် စားတဲ့အချိန် အကုန်စားပြီး နည်းနည်းလေး ပေါက်တဲ့လူများလာတာနဲ့  အပြည့်မလျော်တော့တဲ့ ဖြစ်စဉ်တွေ ဟိုး ၂၀၀၅ ခုနှစ်အထက် ကတည်းက စပြီး ရှိခဲ့ပြီးသား။ အဲဒီတုန်းက တိုင်မယ့်လူလည်း မရှိပါဘူး။ အခုတော့ ဘုန်းကြီးတစ်ပါးက တိုင်တယ်ဆိုလား၊ အမျိုးသမီးတစ်ဦးက တိုင်တယ်ဆိုလားမသိဘူး အသံတော့ ထွက်နေကြတယ်

ဟု  ဒေသခံတစ်ဦးဖြစ်သူက ပြောသည်။

 

ဇူလိုင်လ (၁) ရက်နေ့က ထွက်ရှိသည့် ၅၁၇ ဂဏန်းကို ပေါက်သူအများအပြားရှိခဲ့ရာ တာချီလိတ်မှ ချဲထီဒိုင်ချုပ်များက ယခင်က သတ်မှတ်ထားသည့် လျော်ကြေး တစ်ဘတ်လျှင်   ဘတ် (၅၀၀)အစား ထက်ဝက်နှုန်းဖြင့် လျော်ပေးသည်ကို မကျေနပ်မှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ (၅)လပြည့်တဲ့နေ့ ထီထွက်တာက (၁)ရက်နေ့ (၇)လပိုင်း အဲဒီတော့ ၅၁၇ ဆိုပြီး ထိုးကြတာ။ မြန်မာပြည်ထဲမှာလည်း အပေါက်များတယ်

ဟု ချဲထီထိုးသားတစ်ဦးက ပြောသည်။

သတင်းပေးတိုင်ကြားချက်အရ ဝမ်ကောင်းရပ်ကွက်၊ ငုဝါလမ်းရှိ ချဲလောင်းကစားဒိုင်ချုပ်နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ဖမ်းရာ ချဲဒိုင်ချုပ်လုပ်ကိုင်သူဟုဆိုသည့် ဦးစိုင်းခမ်း အပါအဝင် (၁၁)ဦးကို ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးခံရသူများအား တာချီလိတ် မြို့မရဲစခန်းတွင် (ပ) ၁၅၂/ ၂၀၂၁၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၇/၁၈ အမှုဖွင့်ထားကြောင်း သိရသည်။