တာချီလိတ်မြို့တွင် မေလအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် မီးရှူးမီးပန်းအရောင်းဆိုင်များကို ကွက်ကျား စစ်ဆေးပြီး ဆိုင်(၃)ဆိုင်ကို ဖမ်းဆီး အမှုဖွင့်

တာချီလိတ်မြို့တွင် မေလအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် မီးရှူးမီးပန်းအရောင်းဆိုင်များကို ကွက်ကျား စစ်ဆေးပြီး ဆိုင်(၃)ဆိုင်ကို ဖမ်းဆီး အမှုဖွင့်

နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် မေလ၏ ပထမပတ်အတွင်း ဗုံးပေါက်ကွဲမှုများ  နေရာပေါင်း အနည်းဆုံး (၅)နေရာအထက် ဖြစ်ပွားခဲ့သည့်အတွက် မေလ(၉)ရက်နေ့က တစ်နေ့တာအတွင်း စုပေါင်းအဖွဲ့ဖြင့် တာချီလိတ်မြို့တွင်းရှိ  မီးရှူးမီးပန်းဆိုင်များအား ကွက်ကျားစစ်ဆေးပြီး  ဆိုင်(၃)ဆိုင်ကို ဖမ်းဆီးသိမ်းဆည်းကာ အမှုဖွင့်လိုက်ကြောင်း သိရသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ)၊ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင် နှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ယနေ့ မေလ(၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့တွင်းရှိ မီးရှူးမီးပန်းဆိုင်များတွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့ဖြင့် တာချီလိတ်မြို့တွင်း လိုက်လံစစ်ဆေးမှုများလုပ်ဆောင်ပြီး မီးရှူးမီးပန်း၊ ဗြောက်အိုးများရောင်းချသည့် ဆိုင်များအနက် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ  ဆိုင်တစ်ဆိုင် အတွင်းမှ ကန်တာကားဖြင့် (၂)စီးတိုက်စာဝန်းကျင်ရှိ ဗြောက်အိုး၊ မီးရှူး၊မီးပန်းမျိုးစုံ (၄၁)မျိုး၊ မယ်ခေါင်ရပ်ကွက် အတွင်းရှိ  သင်္ကန်းပရိက္ခရာဆိုင်တစ်ဆိုင်တွင် ရောင်းချနေသည့်   ဗြောက်အိုး၊ မီးရှူးမီးပန်းမျိုးစုံ (၁၂)မျိုး နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ သင်္ကန်းပရိက္ခရာဆိုင်တစ်ဆိုင်တွင် ရောင်းချနေသည့် ဗြောက်အိုး၊ မီးရှူးမီးပန်းမျိုးစုံ (၁၂)မျိုးတို့ကို တွေ့ရှိသိမ်းဆည်းကာ အရေးယူထားကြောင်း 

တာချီလိတ်မြို့တွင် မီးရှူးမီးပန်းရောင်းချသည့် ဆိုင်များစွာထဲမှ ဖမ်းဆီးရမိသည့် (၃)ဆိုင်မှ တာဝန်ရှိသူများကို တာချီလိတ်မြို့မရဲစခန်းတွင် ပေါက်ကွဲစေတတ်သောပစ္စည်းများလက်ဝယ်ထားမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မီးရှူးမီးပန်းရောင်းချသည့် အဆိုင်များမှာ အနည်းဆုံး (၁၅)ဆိုင်အထက် ရှိနေခြင်းဖြစ်သည်။

ပေါက်ကွဲစေတတ်သောပစ္စည်းများလက်ဝယ်ထားမှုဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၆ သည် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသော်လည်း အာမခံရပေးရမည့် ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားရှိသည်။

#TachileikNewsAgency