လာအိုလျှပ်စစ်မီး နှင့် ထိုင်းလျှပ်စစ်မီးကို အသုံးပြုနေသည့် တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ကျပ်(၅၀၀)ကျော် နှင့်ညီမျှသည့် ထိုင်းငွေ (၆)ဘတ်ခွဲအထိ မြို့မီးလင်းရေးကော်မတီက တိုးကောက်ခံတော့မည်

လာအိုလျှပ်စစ်မီး နှင့် ထိုင်းလျှပ်စစ်မီးကို အသုံးပြုနေသည့် တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ကျပ်(၅၀၀)ကျော် နှင့်ညီမျှသည့် ထိုင်းငွေ (၆)ဘတ်ခွဲအထိ မြို့မီးလင်းရေးကော်မတီက တိုးကောက်ခံတော့မည်
ဖေဖော်ဝါရီ 8, 2023 | ရှမ်းရှေ့

 လာအို လျှပ်စစ်မီး နှင့် ထိုင်းလျှပ်စစ်မီးကို ရယူအသုံးပြုနေသည့် တာချီလိတ်မြို့တွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီက ကမ္ဘာ့လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှုကြောင့်ဟုဆိုကာ  လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ  (၆)ဘတ်ခွဲအထိ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့က အသိပေးကြေညာထားသည်ကို တွေ့ရသည်။

လက်ရှိ ကောက်ခံနေသည့် မီတာ အမျိုးအစားများတွင် အိမ်သုံးမီတာကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅.၈၀)ဘတ်ကနေ (၆.၅၀)ဘတ်အဖြစ် လည်းကောင်း၊ ပါဝါမီတာ/လုပ်ငန်းသုံးမီတာ တစ်ယူနစ်လျှင် (၇.၂၀)ဘတ်ကနေ (၇.၉၀)ဘတ်အထိ လည်းကောင်း ၂၀၂၃ခုနှစ် ဇန်ဝါရီလအတွင်း သုံးစွဲယူနစ်ကစပြီး ပေးဆောင်ရမည်ဟု အသိပေးထားခြင်း ဖြစ်သည်။



ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားပေးရေးကြီးကြပ်မှုကော်မရှင် ( Electricity Regulatory Commission - ERC ) က ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် အခြေခံပြီး

လက်ရှိ ပေးဆောင်ရသည့် အိမ်သုံးမီတာများအတွက် အခြေခံတစ်ယူနစ်ခ အပါအဝင် တစ်ယူနစ်လျှင် (၀.၉၃၄၃)ဘတ် အဖြစ် လည်းကောင်း၊ ပါဝါမီတာ/လုပ်ငန်းသုံးမီတာများကို တစ်ယူနစ်လျှင် (၁.၅၄၉၂) ဘတ်အဖြစ်လည်းကောင်း လျှပ်စစ်ဓာတ်အားခ အပိုကြေး (Ft)ထပ်ဆောင်း ကောက်ခံရန် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ကနေ ဒီဇင်ဘာလ(၂၈)ရက်နေ့အထိ အစည်းအဝေးကျင်းပပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပေးရေး ကြီးကြပ်မှုကော်မရှင်အနေဖြင့် ယခုလို တိုးမြှင့်ကောက်ခံမှုကို နိုင်ငံတော်စွမ်းအင်မူဝါဒကောင်စီ National Energy Policy Council (NEPC) ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ မူဝါဒလမ်းညွှန်မှုနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ Provincial Electricity Authority ( PEA )က သတင်းထုတ်ပြန်ထားသည်။ 

သတ်မှတ် ထပ်တိုး နှုန်းထားများဖြင့်  လျှပ်စစ်ဓာတ်အားခ အပိုကြေး (Ft)ထပ်ဆောင်း ကောက်ခံမှု နှုန်းထားသစ်များကို ၂၀၂၂ခုနှစ်  ဇန်ဝါရီလမှ ဧပြီလအထိ သတ်မှတ်ထားပြီး သတ်မှတ်(၄)လ ကုန်လွန်ပါက နှုန်းထား ပြန်လည် ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းလည်း PEA က သတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုလို လျှပ်စစ်ဓာတ်အားခ အပိုကြေး (Ft)ထပ်ဆောင်း ကောက်ခံပါက အိမ်သုံးမီတာအနေဖြင့် တစ်ယူနစ်လျှင် (၅)ဘတ်ခွဲဝန်းကျင်သာ ကျင်သင့်မည်ဖြစ်သော်လည်း ထိုင်းလျှပ်စစ်မီးကို တဆင့်ပြန်ဝယ်ထားသည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီက အိမ်သုံးမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၆)ဘတ်ခွဲအထိ ကောက်ခံရန် သတ်မှတ်ထားသည့်အတွက် ထိုင်းနိုင်ငံထက်  ပိုမိုကောက်ခံသည်ကို တွေ့ရသည်။ 

တာချီလိတ်မြို့မီးလင်းရေးက အိမ်သုံးမီတာတစ်ယူနစ်လျှင် (၅.၃၅)ဘတ် နှင့် ပါဝါမီတာ/လုပ်ငန်းသုံးမီတာ  တစ်ယူနစ်လျှင် (၆.၆၀)နှုန်းဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာလအထိ ကောက်ခံခဲ့ပြီး  ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့်ဟုအကြောင်းပြကာ ပထမအကြိမ်အဖြစ် ၂၀၂၂ခုနှစ် အောက်တိုဘာလက စပြီး အိမ်သုံးမီတာကို တစ်ယူနစ်လျှင် (၅.၈၀)ဘတ် နှင့်  ပါဝါမီတာ/လုပ်ငန်းသုံးမီတာ တစ်ယူနစ်လျှင် (၇.၂၀)ဘတ်အထိ တိုးကောက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့်ဟုဆိုကာ ဒုတိယအကြိမ်အနေဖြင့် ယခုအခါတွင် အိမ်သုံးမီတာကို  တစ်ယူနစ်လျှင်  (၆)ဘတ်ခွဲ၊ ပါဝါမီတာ/လုပ်ငန်းသုံးမီတာ  တစ်ယူနစ်လျှင် (၇.၉၀)ဘတ်ဖြင့် တိုးကောက်လာခြင်း ဖြစ်သည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီက မီတာခများကို တိုးကောက်လိုက်ခြင်းကြောင့် တာချီလိတ်မြို့ရှိ နေအိမ်အခန်းငှား ပိုင်ရှင်နှင့်တာဝန်ခံများမှာ လက်ရှိ တစ်ယူနစ်လျှက် (၁၀)ဘတ်မှ (၁၅)ဘတ်အထိ ကောက်ခံနေရာကနေ ပိုမို တိုးကောက်မည်ကိုလည်း စိုးရိမ်နေကြသည်။

"မီးလင်းရေးက မီတာခ တိုးကောက်မယ်လို့ ကြေညာထားတာတွေ့လိုက်တယ်။ ကျွန်မတို့  ဆန်ဆိုင်းဘက်မှာ အခန်းငှားနေတာ တစ်ယူနစ်ကို (၁၀)ဘတ်ပေးရတယ်။ အခု မီးလင်းရေးက တိုးကောက်မယ်ဆိုတော့ အိမ်ရှင်ကလည်း ထပ်တိုးကောက်မလားမသိဘူး။ အိမ်ခန်းငှားမှာ မီတာခ အများကြီး ပိုကောက်တာကိုလည်း မီးလင်းရေးက မစွမ်းဆောင်နိုင်သလို အခုလည်း မီးလင်းရေးကိုယ်တိုင်က တိုးကောက်မယ်ဆိုတော့ မလွယ်တော့ပါဘူး။ "ဟု ဆန်ဆိုင်းရပ်ကွက်အတွင်း နေအိမ်အခန်းငှားနေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့်ဟုဆိုကာ ရေသန့်လုပ်ငန်းများလည်း ဈေးနှုန်းမြှင့်ပြီး ရေရောင်းချနေသည်မှာ ယနေ့အထိဖြစ်သလို မီးလင်းရေးလုပ်ငန်းကလည်း ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုကြောင့် ဈေးနှုန်းများကို တိုးကောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာခကို အခြေခံအားဖြင့် တစ်ယူနစ်လျှင် (၃၅)ကျပ် ကောက်ခံပြီး လာအိုလျှပ်စစ်မီး နှင့် ထိုင်းလျှပ်စစ်မီးကို ဝယ်ယူအသုံးပြုနေသည့် တာချီလိတ်မြို့မီးလင်းရေးက တစ်ယူနစ်လျှင် ကျပ်(၅၀၀)ကျော် တန်ဖိုးရှိ ထိုင်းဘတ်ငွေ (၆)ဘတ်ခွဲ သတ်မှတ် ကောက်ခံနေခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူကြကာ စစ်ဗျူဟာမှူးအဆက်ဆက် နာယကတာဝန်ယူကြသည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီတွင် ဥက္ကဌများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူးများက မီးလင်းရေးရုံးဝန်ထမ်း အချို့နှင့် ပေါင်းပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုများရှိလာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုကြောင့် ပြည်သူ့အစိုးရ(NLD)လက်ထက်တွင် အဆိုပါ ကော်မတီ၏ ဥက္ကဌ နေရာများကို အရပ်သားများဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။