စာအုပ်ကြိုက်သလောက် ယူ၊ ငွေကြိုက်သလောက် လှူ စာအုပ်ရောင်းပွဲတွင် ကျပ်(၁၆)သိန်းကျော်ဖိုး ရောင်းရ

စာအုပ်ကြိုက်သလောက် ယူ၊ ငွေကြိုက်သလောက် လှူ စာအုပ်ရောင်းပွဲတွင် ကျပ်(၁၆)သိန်းကျော်ဖိုး ရောင်းရ
သြဂုတ် 12, 2015 | ရှမ်းရှေ့
By Tachileik News Agency

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထောက်ပံ့ လှူဒါန်းနိုင်ရန် စာအုပ်နှင့် ငွေကြေးလဲလှယ်မှု တစ်ရပ်အဖြစ် စာအုပ်ကြိုက်သလောက်ယူ၊ ငွေကြိုက်သလောက်လှူ စာအုပ်ရောင်းပွဲအဖြစ် ပြုလုပ်ကာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ သြဂုတ်လ(၁၂)ရက် နံနက်(၁၀)နာရီမှ ည(၉)နာရီအချိန်ထိ ရောင်းချရာ ဘတ်ငွေနှင့် ကျပ်ငွေ စုစုပေါင်း ကျပ်(၁၆)သိန်းကျော် ရရှိကြောင်း သိရသည်။

 
စာအုပ်ကြိုက်သလောက်ယူ၊ ငွေကြိုက်သလောက်လှူ စနစ်ဖြင့် စာအုပ်များကို ရောင်းချပေးရာ ယနေ့ သြဂုတ်လ(၁၂)ရက် တစ်ရက်တည်းမှာပင် ဝယ်ယူသူ (၁၀၂)ဦး၊ ရောင်းထွက်သွားသည့် စာအုပ် အရေအတွက်မှာ (၆၀၅)အုပ်ဖြစ်ပြီး ထိုင်းဘတ်ငွေမှာ (၃၁,၆၀၀)ဘတ် နှင့် ကျပ်ငွေ(၆)သိန်းတိတိရရှိရာ ကျပ်ငွေပေါင်းသော် ကျပ်ငွေ စုစုပေါင်း (၁၆)သိန်းကျော် ရရှိသည်။
 

 

ယခုလို စာအုပ်များကို ရေဘေးသင့်ပြည်သူများအတွက် ရောင်းချနိုင်ရန် စာရေးဆရာ သွန်းနေစိုး ( ဒဿကျော်စွာ )မှ ၎င်းရေးသား ထုတ်ဝေထားသည့် စာအုပ်များကို ပံ့ပိုး လှူဒါန်းပေးထားပြီး တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ( ကဖေး နှင့် အအေး ) စားသောက်ဆိုင်တို့မှ မေတ္တာရှင်(ရွှေပြည်သာ)စာအုပ်များနှင့် အခြားစာအုပ်များကို ပံ့ပိုးလှူဒါန်းပေးထားကြောင်း နှင့် ယင်းစာအုပ်ရောင်းချမှု အစီအစဉ်ကို တာချီလိတ်မြို့ရှိ လူငယ်များမှ ရေဘေးသင့်ပြည်သူများအတွက် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြတာ ဖြစ်ကြောင်း သိရသည်။

 

 

"အခုလိုရောင်းချတာက ရေဘေးသင့်ပြည်သူများအတွက် အဓိကဆိုတော့၊ စာအုပ်ရောင်းချတဲ့နေရာကို စာအုပ်တွေ လာလှူလို့ရပါတယ်၊ ရတဲ့အကျိုးအမြတ်ကလည်း လှူဖို့ပါပဲ၊ စာအုပ်တွေ လာလှူရင်တော့ တော်တော်စုံသွားနိုင်မှာပါ၊ အခုတော့ စာအုပ် အရေအတွက် များနေပေမဲ့ အမျိုးအမည်တော့ နည်းနေပါတယ်၊ စာအုပ်လာလှူမဲ့ အလှူရှင်များကိုလည်း ကြိုဆိုပါတယ်.."ဟု စာအုပ်ရောင်းပွဲတော်သို့ ပါဝင်အားဖြည့်သည့် လူငယ်တစ်ဦးက ဆိုသည်။

 

စာအုပ်ရောင်းပွဲတော်တွင် စာအုပ်များကို လာရောက်ဝယ်ယူနိုင်သလို၊ အလှူသဘောအနေဖြင့် မိမိတို့မှာ ရှိသည့် ပိုနေသည့် စာအုပ်များကိုလည်း လာရောက်လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာအုပ်ရောင်းချမှုကို သြဂုတ်လ(၁၅)ရက်နေ့အထိ နံနက်(၁၀)နာရီအချိန်မှ ည(၉)နာရီအချိန်ထိ တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဆက်လက်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။