ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး Club နှင့် KTV များ ဖွင့်လှစ်ခွင့်ပေးထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သည်ဟုဆိုကာ လူငယ်(၁၅)ဦးကို ထောင်ဒဏ် (၁)လစီချမှတ်

ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး Club နှင့် KTV များ ဖွင့်လှစ်ခွင့်ပေးထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သည်ဟုဆိုကာ လူငယ်(၁၅)ဦးကို ထောင်ဒဏ် (၁)လစီချမှတ်

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ညပိုင်းများတွင် Club နှင့် KTV များ ဖွင့်လှစ်ခွင့်ပေးထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးရမိသည့်  လူငယ်(၁၈)ဦးအနက် (၁၅)ဦးကို ထောင်ဒဏ် (၁)လစီ  မေလ(၁၀)ရက်နေ့က ချမှတ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ်သန်းဝင်းနိုင်နှင့်အဖွဲ့က ၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့ ညပိုင်းတွင် ကင်းလှည့်စဉ် Club  နှင့် KTV က ပြန်လာသည့် လူငယ် (၁၈)ဦး နှင့် ဆိုင်ကယ်(၈)စီးတို့ကို ဖမ်းဆီးရမိရာမှ လူငယ်များအား ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် တာချီလိတ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားရာ (၁၈)ဦးတွင် (၃)ဦးမှာ အသက်မပြည့်သေးသည့်အတွက် ကျန် (၁၅)ဦးအား ယနေ့ မေလ(၁၀)ရက်နေ့တွင် ထောင်ဒဏ်(၁)လစီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဖမ်းခံရသည့် (၁၈)ဦးအနက် အသက်ပြည့်၍ ထောင်ဒဏ် ချမှတ်ခံရသူများမှာ ဇင်သီ(ခ)အိုက်ဆင်၊ စိုင်းမင်းသော်၊ တင်ဇော်ထွန်း၊ စည်သူထွန်း၊  ကောင်းထက်ကျော်၊ ဝင်းမင်းသန်း၊ ထွန်းထွန်းဦး၊ ကျော်ဆန်း(ခ)ကျင်သိန်း၊ ကချေ၊ အောင်စိုးမိုး(ခ)အသေးလေး၊ အေးနော့၊ ညီညီ၊ ရဲထက်အောင်(ခ)မျက်ပျူး၊ အာကာဟိန်း နှင့် သောမတ်တို့ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်သူငယ်ချင်းတွေ Club သွားပြီး အပြန်မှာ ဖမ်းခံရတာ။ အဲ့ထဲမှာ  KTV ကိုသွားပြီးမှ အပြန်မှာ ဖမ်းခံရသူလည်းပါတယ်။ ကျွန်တော့်ကို ခေါ်တာ မလိုက်ဖြစ်လိုက်တော့ ဖမ်းခံရတဲ့အထဲ မပါသွားဘူး။ ခုလို ဖြစ်တော့ ကျွန်တော်လည်း တကယ် စိတ်မကောင်းဘူး"ဟု ဖမ်းခံရသူများနှင့်နီးစပ်သူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း ညပိုင်းများတွင် Club နှင့် KTV များ ဖွင့်လှစ်ထားသည့်အတွက် လူငယ်များမှာ သွားရောက်ပျော်ပါးကြသည်မှာ မဆန်းသော်လည်း ယခုလို ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ မလုပ်ဆောင်သည့် ဒေသအုပ်ချုပ်ရေးပိုင်းကို အငြိမ်းစားဝန်ထမ်းတစ်ဦးက ဝေဖန်လိုက်သည်။

"တကယ်တမ်း ဥပဒေကို လေးစားလိုက်နာတယ်ဆိုရင် တပြေးညီဖြစ်ရမှာဗျ။ အခုက ညမထွက်ရအမိန့်ထုတ်ထားတယ်။ အမိန့်ထုတ်ပြီး ညပိုင်း Club နဲ့ KTV တွေကိုတော့ ငွေယူပြီး ဖွင့်ခွင့်တွေ ခရိုင်ရော၊ မြို့နယ်ရော ပေးထားကြတယ်။ ညမထွက်ရ အမိန့်ထုတ်ထားပြီး ဒါတွေကို မဖွင့်ထားရင် သူတို့လည်း ထွက်ကြမှာမဟုတ်ဘူး။ ဖွင့်ထားတော့ ပျော်ပါးချင်လို့ ထွက်ကြတာပေါ့။ အခုတော့ ညထွက်လို့ ဖမ်းပြီး ထောင်ချလိုက်တယ်ဆိုတာက အညွှန်ရိုက်ချိုးလိုက်သလိုပဲ။ အချုပ်ထဲ ထောင်ထဲမှာက ကောင်းတာတွေ တတ်လာမှာမဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကလည်း ငွေရဖို့ပဲ မကြည့်ဘဲ လုပ်သင့် မလုပ်သင့်တော့ စဉ်းစား ဆုံးဖြတ်သင့်တယ်။ ဒါတွေကို ပေးဖွင့်ထားရင်လည်း ညမထွက်ရ အမိန့် ထုတ်တော့ ဘာထူးမလဲပေါ့ဗျာ။"ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ထောက်ပြ ပြောဆိုသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေရာတွင် တရုတ် နှင့် ထိုင်းနိုင်ငံသားများကိုလည်း ငွေယူပြီး ပြန်လွှတ်ပေးသည်များ ရှိသည်ဟု ကြားသိရသည်။