တာချီလိတ်တွင် အခန်းတွင်းပိတ်ကာ ခြိမ်းခြောက်ငွေတောင်းခံရသည့် ထိုင်းနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့က ရှာဖွေကယ်တင်ပြီး ထိုင်းဘက်သို့ ပြန်လွှဲပေး

တာချီလိတ်တွင် အခန်းတွင်းပိတ်ကာ ခြိမ်းခြောက်ငွေတောင်းခံရသည့် ထိုင်းနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့က ရှာဖွေကယ်တင်ပြီး ထိုင်းဘက်သို့ ပြန်လွှဲပေး
ဧပြီ 7, 2020
By Tachileik News Agency
တာချီလိတ်တွင် အခန်းတွင်းပိတ်ကာ ခြိမ်းခြောက်ငွေတောင်းခံရသည့် ထိုင်းနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့က ရှာဖွေကယ်တင်ပြီး ထိုင်းဘက်သို့ ပြန်လွှဲပေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အခန်းတွင်းပိတ်ထားကာ ခြိမ်းခြောက်ငွေတောင်းခံရသည့် ထိုင်းနိုင်ငံသား (၁)ဦးကို ရဲတပ်ဖွဲ့က ရှာဖွေကယ်တင်ပြီးနောက် အမှုအတွက် လိုအပ်သည့် သက်သေထွက်ဆိုချက်များရယူကာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုက်သည်။

အဆိုပါ အသက် (၆၃)နှစ်အရွယ် ထိုင်းနိုင်ငံသား Monthon Chokwisut သည် တာချီလိတ်မြို့၌ ရောက်ရှိနေစဉ် အခန်းတစ်ခုတွင် ပိတ်လှောင်ခံရပြီး ခြိမ်းခြောက်ငွေတောင်းခံခြင်း ခံနေရကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့က တာချီလိတ်ရဲတပ်ဖွဲ့သို့ TBC က ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရဲကနေ ထိုင်းသံရုံးကို အကြောင်းကြားတယ်။ သံရုံးကနေ ကျွန်တော်တို့ မြန်မာနိုင်ငံသံရုံးကတစ်ဆင့် TBC (နယ်ခြားကော်မတီ)ကို အကြောင်းကြားတယ်။ ထိုင်းနိုင်ငံသားတစ်ဦးဟာ တစ်နေရာမှာ ခြိမ်းခြောက်ပိတ်လှောင်ခံထားရတယ်ဆိုတာတွေ့တယ်။ သူတို့က ဓါတ်ပုံပဲပေးတယ်။ ကျန်တာမပေးဘဲ။ အဲဒါ နယ်ထိန်းတွေနဲ့ စုံစမ်းတော့ နေရာသိရတာနဲ့ ပူးပေါင်းအဖွဲ့နဲ့ ဝင်စီးတယ်။ သူ့ကိုပိတ်လှောင်ခံထားရတဲ့နေရာမှာ ခြိမ်းခြောက်ငွေတောင်းနေသူ (၂)ဦးကိုပါ မိတယ်။ အမှုဖွင့်ထားပြီး သက်သေလုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးတော့မှ ဒီနေ့မှာ ပြန်လွှဲပေးလိုက်တာပါ

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၇)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ ဒုရဲမှူး ကျော်ထွန်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျအပါအဝင် တပ်ဖွဲ့ဝင်များက ရရှိသည့် သတင်းအချက်အလက်ဖြင့် စုံစမ်းရှာဖွေရာ မတ်လ (၂၆)ရက်နေ့၌ ဟိုတယ်တစ်ခု၏ အခန်းတွင် အဆိုပါ ထိုင်းနိုင်ငံသားနှင့်အတူ ငွေကြေးတောင်းခံသူ (၂)ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ခြိမ်းခြောက်ငွေတောင်းခံသူ (၂) ဦးဖြစ်သည့် စိုင်းလောင်နှင့် စိုင်းဖတ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရာ အဓိကသက်သေဖြစ်သည့် ထိုင်းနိုင်ငံသားမှာ တရားရုံးသို့လာရောက်ထွက်ဆိုရန် ခက်ခဲသဖြင့်ကြိုတင်ထွက်ဆိုချက်ရယူပြီးနောက် ထိုင်းဘက်သို့ ပြန်လွှဲပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို မြန်မာဘက်မှ တာဝန်ရှိသူများဖြစ်သည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး၊ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်နှင့်အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)၌ လွှဲပြောင်းပေးရာ ထိုင်းနိုင်ငံဘက်မှ ချင်းမိုင်ခရိုင်မြောက်ပိုင်း အမှတ် (၅) ဒုတိယရဲချုပ် Wang Hai Suwansiri Kaet နှင့်အဖွဲ့က လာရောက်လက်ခံကြသည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~