တာချီလိတ်မြို့တွင် နေ့ခင်းအချိန်အတွင်း အိမ်ရှေ့ရပ်ထားသည့် ဆိုင်ကယ်ကို ပိုင်ရှင်ရှေ့မှာပင် ခိုးယူခံရ

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်အတွင်း အိမ်ရှေ့ရပ်ထားသည့် ဆိုင်ကယ်ကို ပိုင်ရှင်ရှေ့မှာပင် ခိုးယူခံရ
အောက်တိုဘာ 19, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းကာလအတွင်း ဆိုင်ကယ်ခိုးယူခံရမှုများ သိသိသာသာတိုးလာသည့်အပြင် ခိုးယူမှုများလည်း အတင့်ရဲလာကြသည်ဟု ဒေသခံများထံမှ သိရသည်။

အိမ်ရှေ့တည့်တည့်မှာ ရပ်ထားတာကို ဆိုင်ကယ် 110 အနက်နဲ့ လူ (၃)ယောက်ရောက်လာတာ တစ်ယောက်ဆင်းလာပြီး ကောက်မောင်းပြေးသွားတာ။ လိုက်တာ မမိတော့ဘူးရှင်။ အရမ်းမြန်တယ်။ တော်ကော့ပြင် တာဝေလမ်းကြီးအတိုင်း (အနောက်မြို့ပတ်လမ်း) မောင်းပြေးသွားတယ်။ လူတွေရှိနေရက်နဲ့ကို ကောက်မောင်းပြေးသွားပါတယ်။

ဟု အောက်တိုဘာလ (၁၈) ရက်နေ့က ဆိုင်ကယ်ခိုးယူခံလိုက်ရသူမှ Tachileik News Agency သို့ ပြောသည်။

တော်ကော့ပြင်ရှိ နေအိမ်ရှေ့ရပ်ထားသည့် Honda Wave 125 အပြာရင့်ရောင်ဆိုင်ကယ်ကို အောက်တိုဘာလ (၁၈) ရက်နေ့ နံနက် (၁၀) နာရီခွဲကျော်တွင် ခိုးယူမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခင်ကလည်း ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ခိုးယူခံရမှု ပိုများလာသည့်အပြင် နေ့ခင်းအချိန် နေအိမ်ဝန်းများအတွင်းပါ ဝင်ခိုးသည်အထိ အတင့်ရဲစွာလုပ်လာကြသည်ကို တွေ့ရသည်။