တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရောဂါအခံရှိသူ အသက်(၈၀)ကျော်အမျိုးသားတစ်ဦး Covid-19 ကြောင့် သေဆုံး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရောဂါအခံရှိသူ အသက်(၈၀)ကျော်အမျိုးသားတစ်ဦး Covid-19 ကြောင့် သေဆုံး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရောဂါအခံရှိပြီး Covid-19 ကူးစက်ခံထားရသည့် အသက်(၈၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေရင်း ယနေ့ ဧပြီလ(၃၀)ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

"အခု သေတဲ့လူက အသက်(၈၃)နှစ်ရှိပြီ၊ သူ့မှာ ရောဂါအခံက ကင်ဆာရောဂါရှိတယ်။ ကင်ဆာရောဂါရှိတဲ့အပြင် စစ်ဆေးကြည့်လိုက်တော့ သူ့မှာ ကိုဗစ် ရောဂါလည်းတွေ့တာ။ ဆေးရုံမှာ ဆေးကုသရင်းသေတာ။"ဟု မယ်ဆိုင်လူမှုကရုဏာအသင်း ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အဆိုပါ ဖြစ်စဉ်ကြောင့် ဆရာဝန်(၇)ဦးဝန်းကျင်နှင့်သူနာပြုများ အပါအဝင် စုစုပေါင်း(၈၈)ဦး Quarantine သတ်မှတ်ထားရပြီး မယ်ဆိုင်ဆေးရုံတွင် လက်ရှိအခြေအနေအရ အရေးပေါ်လူနာများကိုသာ လက်ခံနိုင်သေးကြောင်း အသိပေးထားသည်။

မယ်ဆိုင်မြို့တွင် ၂၀၂၁ခုနှစ် ဧပြီလ(၃၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၁၂၀)ဦးရှိသည်အနက် တစ်ဦးမှာ သေဆုံးသွားပြီး၊ ဆက်လက်ကုသမှုခံယူနေသူမှာ (၇၂)ဦးရှိကြောင်းနှင့် သက်သာသွားသူမှာ (၄၇)ဦးရှိကြောင်း မယ်ဆိုင်ကျန်းမာရေးမှ သိရသည်။