Time မဂ္ဂဇင်းက ယူကရိန်းသမ္မတဇီလန်းစကီးကို "Person of the Year" အဖြစ် ဂုဏ်ပြုဖော်ပြ

Time မဂ္ဂဇင်းက ယူကရိန်းသမ္မတဇီလန်းစကီးကို "Person of the Year" အဖြစ် ဂုဏ်ပြုဖော်ပြ
ဒီဇင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

Time မဂ္ဂဇင်းက နှစ်စဥ် ရွေးချယ်ဖော်ပြနေသည့် "Person of the Year" အဖြစ် ယခု ၂၀၂၂ ခုနှစ်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကို ဒီဇင်ဘာလ (၇) ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း သိရသည်။ 

သမ္မတဇီလန်းစကီးကို ယူကရိန်း၏ ရဲရင့်သောပုဂ္ဂိုလ်အဖြစ် Time က ညွှန်းဆိုလိုက်ပြီး ရုရှား၏ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့မှုအတွက် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဂုဏ်ပြုဖော်ပြထားသည်။

ရုရှား၏ ကျူးကျော်တိုက်ခိုက်လာချိန်တွင် ကိဗ်မြို့တော်၌သာ ဆက်ရှိနေရန် ဇီလန်းစကီး၏ ဆုံးဖြတ်ချက်နှင့် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအတွင်း နိုင်ငံကို ၎င်း၏ ဦးဆောင်နေမှုက ယခုနှစ်အတွက် Time ၏ "Person of the Year" အဖြစ် ရွေးချယ်ရန် ရှင်းလင်းပြတ်သားစေခဲ့သည်ဟုဆိုသည်။ 

ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် စတင်ကျူးကျော်ခဲ့ချိန်မှစပြီး သမ္မတဇီလန်းစကီးက နိုင်ငံသားများကိုသာမက ကမ္ဘာတဝန်း အစိုးရများကို ညစဥ် စစ်ပွဲအခြေအနေနှင့် ပတ်သက်၍ မိန့်ခွန်းပြောနေခဲ့သည်။

သမ္မတဇီလန်းစကီးကို စစ်ပွဲ၏ ရှေ့တန်းနေရာများတွင် တွေ့ရလေ့ရှိပြီး မကြာသေးမီကလည်း ယူကရိန်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းရှိ Kherson မြို့ကနေ ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်လိုက်ပြီးနောက် ထိုမြို့၏ လမ်းမပေါ်တွင် ပြည်သူလူထုနှင့် စစ်သည်များနှင့်အတူ အောင်ပွဲခံခဲ့သည်။ 

"သူ့ရဲ့ သတင်းအချက်အလက် ထိုးစစ်ဆင်မှုက ပထဝီနိုင်ငံရေးစနစ်ကို ပြောင်းလဲခဲ့ပြီး ကမ္ဘာတဝန်းက အရေးယူဆောင်ရွက်မှုတွေ ဆက်တိုက်ရှိလာခဲ့တယ်" ဟု Time မဂ္ဂဇင်း အယ်ဒီတာချုပ် Edward Felsenthal က ပြောသည်။

Time မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်အတွက် "Person of the Year" အဖြစ် ရွေးချယ်ဖော်ပြခဲ့ရာတွင် တစ်မူထူးခြားခဲ့ပြီး ၎င်းတို့၏ သတင်းရေးသားတင်ဆက်မှုကြောင့် နှိပ်စပ်ညှဥ်းပန်းခံရ၊ ဖမ်းဆီးခံရ သို့မဟုတ် အသတ်ခံရသည့် သတင်းထောက်များကို ရွေးချယ်ခဲ့ပြီး The Guardian ဟု ခေါင်းစဥ်တပ်ကာ မဂ္ဂဇင်းမျက်နှာဖုံး (၄) မျိုးဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။

Time ၏ ၂၀၁၈ ခုနှစ် "Person of the Year" အဖြစ် ရွေးချယ်ခဲ့ရာတွင် ဆော်ဒီအာရေဗီးယားနိုင်ငံ၏ အိမ်ရှေ့မင်းသားကို ဝေဖန်မှုကြောင့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရသူ Washington Post ပင်တိုင်ဆောင်းပါးရှင် ဂျမဲလ်ခါရှော့ဂီနှင့် ဖိလစ်ပိုင်သမ္မတဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး အငြင်းပွားဖွယ် အကြမ်းဖက်မူဝါဒများကို ဝေဖန်ရေးသားသည့် Rappler သတင်းဝက်ဘ်ဆိုက် တည်ထောင်သူ မာရီယာရက်ဆာတို့ ပါဝင်ခဲ့သည်။

ထို့အအတူ မြန်မာနိုင်ငံတွင် စစ်တပ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ၌ ရိုဟင်ဂျာမွတ်စလင်မ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း သတင်းရေးသားခဲ့ပြီး ဖမ်းဆီးခံရသည့် သတင်းထောက်များဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး၊ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် သေနတ်သမားတစ်ဦးက ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၎င်း၏ဝန်ထမ်းများ သေဆုံးခဲ့ရသည့် The Capital သတင်းစာ၏ ဝန်ထမ်းများကိုလည်း "Person of the Year" အဖြစ် ပူးတွဲ ရွေးချယ်ဖော်ပြခဲ့သည်။

ကမ္ဘာကျော် Time မဂ္ဂဇင်းက ၁၉၂၇ ခုနှစ်တွင် ပထမဆုံး "Person of the Year" ကို ရွေးချယ်ဖော်ပြခဲ့သည်။ 

၂၀၂၁ ခုနှစ်အတွက် "Person of the Year" အဖြစ် Telsa လျှပ်စစ်ကားကုမ္ပဏီနှင့် SpaceX အာကာသနည်းပညာကုမ္ပဏီ အကြီးအကဲ အီလွန်မက်စ်ကို ရွေးချယ်ဖော်ပြခဲ့ကြောင်း သိရသည်။

Source: AFP, TIME

Photo: Time