လွိုင်ကော်မြို့ တွင်  ညမထွက်ရအမိန့်ချိုးဖေါက်မှုဖြင့် တစ်ညအတွင်း ဖမ်းဆီးခံရသူ (၁၈) ဦးမှ (၁၁) ဦးကို ခံဝန်ကတိဖြင့်ပြန်လွှတ်

လွိုင်ကော်မြို့ တွင်  ညမထွက်ရအမိန့်ချိုးဖေါက်မှုဖြင့် တစ်ညအတွင်း ဖမ်းဆီးခံရသူ (၁၈) ဦးမှ (၁၁) ဦးကို ခံဝန်ကတိဖြင့်ပြန်လွှတ်
ဧပြီ 30, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ(၂၈) ရက်နေ့ညပိုင်းက ညမထွက်ရအမိန့် ချိုးဖေါက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူ (၁၈)ဦးအနက် မိသားစုနှင့်အဆက်အသွယ်ရသည့် (၁၁) ဦးကို ဧပြီလ (၂၉) ရက်နေ့တွင် ခံဝန်ကတိဖြင့် ပြန်လွှတ်လိုက်သော်လည်း ကျန် (၇)ဦးမှာ မိသားစုအဆက်အသွယ်မရသဖြင့် ထောင်ဒဏ်တစ်လကျခံရဖွယ်ရှိနေကြောင်း သိရသည်။

ကျွန်တော်တို့ကိုဗျာ လိုက်အော်ဆဲပြီးတော့ကို ဖမ်းတာ။ ပြေးတဲ့သူတွေကို ပစ်တယ်။ ကားတစ်စီးကိုဆို ကျည်အစစ်နဲ့ ပစ်တာတွေ့လိုက်တယ်။ လိုက်ဖမ်းလို့ ပြေးတဲ့သူကိုတော့ ရိုက်ပြီးဖမ်းတာရှိတယ်။ ဖမ်းတာက အိမ်စီးကားတွေနဲ့ဖမ်းတာ သူတို့ စစ်ကားကိုတော့ အဝေးတစ်နေရာမှာရပ်ထားတယ်။ မော်ချီးက လာပြီး GTC အရှေ့မှာဖမ်းခံရတဲ့ ကောင်လေးတွေတော့ သူ့တို့မိသားစုတွေမသိလို့ အာမခံပေးမယ့်သူမရခဲ့ဘဲ ကျန်နေခဲ့တယ်။ သူတို့ကိုတော့ ထောင်တစ်လ ချမယ်လို့ ကြားတယ်ဗျ။ လက်ထိပ်လည်း ခတ်တယ်။ အချုပ်ထဲမှာ ထည့်ထားတယ်။ ဘာမှမပါဘဲ အိပ်လိုက်ရတယ်။ ရေတော့တိုက်တယ်။ စခန်းမှာတော့ ဘာမှမလုပ်ဘူး။ မရိုက်ဘူး။ ပြန်လွှတ်တော့ သိမ်းထားတဲ့ဟာတွေတော့ အကုန်ပြန်ပေးတယ်။ နောက်ရက်တွေလည်း ဆက်တိုက်ဖမ်းဦးမယ်လို့ ပြောသွားသေးတယ်

ဟု ပြန်လွတ်လာသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ဧပြီလ (၂၈) ရက်နေ့ ည (၈)နာရီခွဲကျော်အချိန်မှစ၍ အိမ်စီးကားများ၊ ရဲကားများဖြင့် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လမ်းဆုံ၊ သီရိမင်္ဂလာဈေးအနီးနှင့် မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ်အနီးတို့တွင် လမ်းသွားလမ်းလာများအား လိုက်လံပစ်ခတ်၍ ဖမ်းဆီးရာမှ (၁၈) ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့က လမ်းသွားလမ်းလာများအား တားဆီးရာတွင် မောင်းနှင်ထွက်ပြေးသည့် ကား၊ ဆိုင်ကယ်များကို ရာဘာကျည်များအပြင် ကျည်အစစ်များဖြင့်ပါ ပစ်ခတ်မှုရှိခဲ့သည့်အပြင် ရပ်ကွက်တွင်း ပစ်ခတ်မှုများလည်း လုပ်ကြသည်ဟု သိရသည်။

ညပိုင်းလိုက်လံ ဖမ်းဆီး၊ ပစ်ခတ်မှုအတွင်း ရာဘာကျည်ထိမှန်ခံရသူများလည်းရှိကြောင်း သိရသည်။