ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၅၀)ကျော် သေဆုံးကာ လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရရှိ

Photo: KNDF
Photo: KNDF
ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၅၀)ကျော် သေဆုံးကာ လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရရှိ
ဧပြီ 21, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာအနီးတွင် စစ်ကြောင်းထိုးနေသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ နှင့် ကရင်နီပူးပေါင်းတပ်များအကြား  တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၅၀)ကျော်သေဆုံးပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၄)ရက်နေ့မှ ဧပြီလ(၁၉)ရက်နေ့အထိ (၆)ရက်တာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ (၅၀)ကျော်သေဆုံးကာ ဒဏ်ရာအပြင်းအထန် ရရှိသူ များပြားခဲ့သလို (၁)ဦးကို အရှင်ဖမ်းမိပြီး တိုက်ပွဲအတွင်းမှ ၎င်းတို့၏ သေနတ်မျိုးစံနှင့် လက်နက်ခဲယမ်းများစွာတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒေါညေးခူကျေးရွာ တောင်ပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ဧပြီလ(၁၄)ရက်နေ့က လွိုင်ကော် - မိုးဗြဲလမ်းမကြီး ပေါ်ရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံတွင်တွင် သင်္ကြန်ရေထွက်ပက်နေသည့် စစ်ကောင်စီတပ်သားများကို KNDF/B03 မှ အလစ်အငိုက်ဝင်ရောက်ရာမှ စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးခဲ့သလို ဧပြီလ(၁၉)ရက်နေ့ကလည်း ဘောလခဲ နှင့် ဒေါညေးခူ အကြား တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဘက် (၈)ဦးသေကာ (၁)ဦးကို အရှင်ဖမ်းမိကြောင်း သိရသည်။ 

ဒေါညေးခူကျေးရွာအနီး တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊  ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ်  အပါအဝင် ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ပင်လောင်း စသည့် ဒေသများတွင် ကရင်နီပူးပေါင်းတပ်များက အလစ်အငိုက်ဝင်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသလို အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကလည်း စစ်ကြောင်းများ ဆက်လက်ထိုးနေပြီး ကျေးရွာများအထိ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်သလို လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်းလည်းသိရသည်။



 

အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က နေ့စဉ် စစ်ကြောင်းထိုးနေမှုများကို  ကရင်နီပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ခုခံတိုက်ခိုက်လျှက်ရှိပြီး ရက်ရှည်တိုက်ပွဲများအတွက် ရလာဒ်ကောင်းများ ဆက်၍ ဖော်ဆောင်နိုင်ရန်  ပြည်သူများမှ  လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆက်၍ အလေးထားလုပ်ဆောင်ပေးကြပါရန်လည်း တိုက်တွန်း တောင်းဆိုထားသည်။